Tuesday 3 September 2013

ကိုယ်ဝန်ဆောင်နေသော သင့်ဇနီးကို ဂရုစိုက်ပါ



ကိုယ်ဝန်ဆောင်နေသော သင့်ဇနီးကို ဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်တာက မိန်းမရဲ့တာဝန်ပဲ ဆိုပြီး အမျိုးသားတွေနဲ့ မဆိုင်သလို နေလို့တော့ မရပါဘူး။    အမျိုးသမီးတွေ အတွက် ကိုယ်ဝန်ဆောင် နေရချိန်မှာ အလိုအပ်ဆုံးက အမျိုးသားတွေရဲ့ ကြင်နာ စောင့်ရှောက်မှုနဲ့ ဂရုစိုက်မှုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် နေချိန်မှာ အမျိုးသမီးတွေ အနေနဲ့ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ စတဲ့ ဝေဒနာတွေကို ခံစား လွယ်တာကြောင့် အမျိုးသားတွေ အနေနဲ့ တတ်နိုင်သမျှ ကူညီဖေးမဖို့ အထူးလိုအပ်လှ ပါတယ်။


(၁) ကိုယ်ဝန်ဆောင်ခြင်း အကြောင်း ဗဟုသုတ ရှိအောင် လေ့လာပါ။

ဟော်မုန်း အပြောင်းအလဲ၊ ပင်ပန်း နွမ်းနယ်တဲ့ စိတ်ခံစားမှုနဲ့ ပျို့အန်တာ စတဲ့ ဝေဒနာတွေဟာ ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ် အတွင်းမှာ သိသိသာသာ ဖြစ်တတ်ပါတယ်။ ဒီဝေဒနာတွေဟာ အမျိုးသမီး တစ်ဦးနဲ့တစ်ဦးမှာ ခံစားရပုံချင်းတော့ မတူညီတတ်ပါဘူး။ အဲဒီအချိန်မှာ အနံ့အသက်တွေကို ခံနိုင်ရည်မရှိတာ၊ ထူးဆန်းတဲ့ အစားအသောက်တွေကို ချင်ခြင်းတပ်တာ ..စတာတွေကို ဖြစ်လာတတ်ပါတယ်။ ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ကာလ ပြောင်းလဲမှုတွေပဲဆိုတာကို သိနားလည်ထားဖို့ လိုပါတယ်။ ဒါကြောင့် ခင်ပွန်းသည်ဖြစ်တဲ့ သင့်အနေနဲ့လည်း ကိုယ်ဝန်ဆောင်တာနဲ့ ဆက်စပ်နေတဲ့ သတင်း အချက်အလက်တွေကို သိနားလည်အောင် လေ့လာ မှတ်သားသင့်ပါတယ်။

(၂) တတ်နိုင်သမျှ အားပေးပါ

ကိုယ်ဝန်ဆောင်နေရတဲ့ ဇနီးသည်ကို စောင့်ရှောက်ရာမှာ အကောင်းဆုံးကတော့ သူလိုအပ်နေတဲ့အခါတိုင်း အားပေးကူညီဖို့ပါပဲ။ သင့်ဇနီးအတွက် ကိုယ်ဝန်ဆောင် အားဆေး မှန်မှန်ဝယ်ပေးကာ ဆေးသောက်ချိန်တိုင်း ဆေးနဲ့ ရေယူပေးတာမျိုး၊ အာဟာရရှိတဲ့ အစားအသောက်တွေ စားဖြစ်အောင် တိုက်တွန်းတာမျိုး၊ အိမ်အလုပ်တွေကို ဝိုင်းကူ လုပ်ပေးတာမျိုး အပြင် ပျို့အန်နေချိန်မှာ ဝေဒနာ သက်သာအောင် ဖေးမပေးတာမျိုး စသဖြင့် စောင့်ရှောက်ပေးဖို့ လိုပါတယ်။

(၃) အရက်နှင့် ဆေးလိပ် မသောက်ပါနှင့်

အထူးသဖြင့် သင့်ဇနီးရှေ့မှာ ဆေးလိပ်၊ အရက်စတာတွေကို မသောက်ပါနဲ့။ တကယ်လို့ သင့်ဇနီးက ဆေးလိပ် သောက်တတ်တယ်၊ အရက် သောက်တတ်တယ်ဆိုရင် ကလေးရဲ့ ကျန်းမာရေးအတွက် ဆေးလိပ်နဲ့ အရက်ကို ဖြတ်ဖို့ တိုက်တွန်းအားပေးပါ။

( ၄) အမြဲ အဆက်အသွယ်လုပ်ပါ

သင့်ဇနီးရဲ့ စိတ်ခံစားမှုတွေအကြောင်း သိနိုင်အောင် သူပြောတာကို နားထောင်ပေးပါ။ သူပြောတဲ့ စကားကို ကောင်းကောင်း နားထောင်ပေးတာက သင့်ဇနီးရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်တဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ သင့်ဇနီး ခံစားရတာကို ရင်ဖွင့်တဲ့အခါတိုင်း သင်က အမြဲ အလေးထား တုံ့ပြန်ပေးရင် သူ့အနေနဲ့ အထီးကျန် အားငယ်တဲ့ ဖိစီးမှု ရှိတော့မှာ မဟုတ်ပါဘူး။

 (၅) အတူ ဆောင်ရွက်ပါ

မွေးလာတော့မယ့် ကလေးငယ်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေကို သင့်ဇနီးက ဝယ်ယူချင်တယ်ဆိုရင် သင့်အနေနဲ့ လိုက်ပို့ပေးသင့်ပါတယ်။ ကလေးငယ်အတွက် လိုအပ်တဲ့ အင်္ကျီလေးတွေ၊ စောင်၊ ပုခက် စတာတွေကို ဝယ်ယူ စုဆောင်းချိန်မှာ သင်တို့နှစ်ဦးအတွက် ထူးဆန်းတဲ့ ချည်နှောင်မှု တစ်ခုကို ဖြစ်တည်စေပါတယ်။

 (၆) လက်တွဲကာ လမ်းလျှောက်ပါ

ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်း ဇနီးရဲ့ လက်ကိုတွဲပြီး လမ်းလျှောက်ပေးတာက သူရဲ့ စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ ဒါကြောင့် သင်အားလပ်တဲ့ အချိန်တွေမှာ သင့်ဇနီးနဲ့အတူ လမ်းလျှောက်ပေးဖို့ လိုပါတယ်။

( ၇) ဆေးခန်းကို အချိန်မှန်သွားပါ

ကိုယ်ဝန်ဆောင်မိခင်အတွက် ဆရာဝန် ချိန်းဆိုတဲ့ အချိန်မှာ ဆေးခန်းကို မှန်မှန်သွားပြပေးဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ဇနီးကို ဆေးခန်း မှန်မှန်လိုက်ပို့ပေးပါ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရမယ့် အချက်တွေကို လိုက်လံမှတ်သားပြီး သင့်ဇနီးကို သတိပေးသင့်ပါတယ်။

 (၈) သင့်ဇနီးကို လန်းဆန်း အပန်းပြေအောင် နှိပ်နယ်ပေးပါ

ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်ထဲကို ရောက်လာချိန်မှာ ခါးနာတာ၊ ခြေသလုံး ကြွက်တက်တာ စတဲ့ ဝေဒနာတွေကို ခံစားရတတ်တာကြောင့် သင့်ဇနီးကို ညင်ညင်သာသာ နှိပ်ပေးသင့်ပါတယ်။ နှိပ်နယ်ပေးတာက ခန္ဓာကိုယ်တင်းအားကိုသာမက စိတ်ဖိစီးမှုကိုပါ ပြေလျော့သွားစေပါတယ်။   

Credits:ဟင်းလေးအိုး

No comments:

Post a Comment