Friday 6 September 2013

အံ့သြဖွယ်ရာ နာဗ်ကြောနှစ်ဖြာ



အံ့သြဖွယ်ရာ နာဗ်ကြောနှစ်ဖြာ

“မေမေရေ၊ ပါးပါး မျက်လုံးကြီးက စိတ်ဆိုးရင် သိပ်ပြူးလာတာပဲ၊ အသံကြီးကလဲ ဟိန်းပြီး ထွက်လာတယ်၊ ကြောက်စရာကြီး၊ အဲဒါ ဘာဖြစ်လို့လဲ”ဟု သမီးကြီးက ကျွန်မအား မေးပါသည်။ သမီးငယ်ကလည်း အားကျမခံ “မေမေကျတော့ တစ်ယောက်ယောက်က အော်လိုက် ငေါက်လိုက်ရင် မျက်နှာတွေ နီရဲပြီး မျက်ရည်တွေ ရွှဲလို့၊ ချမ်းလို့ တုန်နေတဲ့အခါလဲ မေမေ့ခြေမွေး၊ လက်မွေးတွေက ထောင်ပြီး အရေပြား တစ်ခုလုံး ဖုလုံးလေးတွေ ထလို့။ အဲဒါ ဘာဖြစ်လို့လဲ”ဟု ထပ်မေးပါသည်။


ကျွန်မက “အဲဒါ သမီးတို့ ဖေဖေကို မေးကြည့်ပါလား။ သူက အာရုံကြော စနစ် အဖွဲ့ကို သုတေသနပြုလာတာ။ မေးကြည့်”ဟု သမီးတို့အဖေကို ကြည့်၍ပြောလိုက်ပါသည်။ သူတို့အဖေက “ဒီလောက်ကလေးအတွက်နဲ့ ပီအိပ်ခ်ျဒီရတဲ့ လူတစ်ယောက်က ပြောပြဖို့မလိုဘူး။ ဆရာဝန်ဘွဲ့ ရသူတိုင်း ခန္ဓာဗေဒ ဘွဲ့လွန်သင်ကြားဖူးသူတိုင်း သိနေတာပဲ။ ဒေါ်ဥမ္မာပဲ ရှင်းပြလိုက်”ဟု ကျွန်မအား ပြန်၍ ခိုင်းပါသည်။ ကျွန်မလည်း ကိုယ့်ရှူးကိုယ်ပတ်သဖြင့် သမီးတို့အား အလိုလို တုံ့ပြန်အာရုံကြော စနစ်အဖွဲ့အကြောင်းကို အောက်ပါအတိုင်း ပြောပြရပါသည်။

“လူတွေမှာ မွေးလာကတည်းက ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့နဲ့ လှုပ်ရှားဖို့ အာရုံကြော (ဝါ)နာဗ်ကြောတွေနဲ့ အာရုံခံအင်္ဂါများ ပါလာတယ်။ ဒီနာဗ်ကြောတွေနဲ့ အာရုံခံ ပစ္စည်းတွေဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဦးခေါင်းခွံအတွင်းရှိ ဦးနှောက်နှင့် ကျောရိုးမြောင်း အတွင်းရှိ ကျောအာရုံကြောမနဲ့ ဆက်သွယ်ထားတယ်။ ဒီနာဗ်ကြောတွေကို လုပ်ငန်းအရ ခွဲခြားရင် လှုပ်ရှားမှုမှန်သမျှကို လုပ်ပေးတဲ့ နာဗ်ကြောက နှစ်ဖွဲ့ပဲ ရှိတယ်။
တစ်ဖွဲ့က ဆန္ဒအောက်မှာရှိပြီး လူရဲ့အလိုကျ လှုပ်ရှားပေးတယ်။
ဥပမာ=သွားလာခြင်း၊ စကားပြောခြင်း၊ ထမင်းစားခြင်း၊ စတာမျိုးဖြစ်တယ်။
တစ်ခြားတဖွဲ့ကတော့ ဆန္ဒအောက်မှာ မရှိဘဲ သူ့အလိုလို လှုပ်ရှားနေတယ်။
ဥပမာ=နှလုံးခုန်ခြင်း၊ အစာအိမ်ကျုံ့ခြင်း၊ အူလှုပ်ခြင်းနှင့် ဆီးသွားခြင်း၊ မစင်စွန့်ခြင်း စတာမျိုးဖြစ်တယ်။

“အလိုလို လှုပ်ရှားမှုကို ဖြစ်စေတဲ့ အာရုံကြောအဖွဲ့ဟာ ခန္ဓာကိုယ်ရဲ့ အသက်ရှင်ရေးနဲ့ သွေးလှည့်လည်မှု၊ အစာခြေမှု၊ အညစ်အကြေးစွန့်မှု စသည်တို့ကို ပြုလုပ်ပေးတယ်။ ဒီအလိုလို အာရုံကြောစနစ် အဖွဲ့ဟာ စိတ်ဆိုးရင် ဖြစ်စေ၊ ကြောက်လန့်ရင် ဖြစ်စေ ရန်သူနဲ့တွေ့လို့ တိုက်ခိုက်ရလျှင် ဖြစ်စေ၊ မျက်လုံး(ဝါ) သူငယ်အိမ် ပြူးကျယ်ခြင်း၊ နှလုံးပိုခုန်ခြင်း ရင်တုန်ခြင်းနဲ့ အသက်ရှူ မြန်စေခြင်း၊ လေပြွန် ကျယ်စေခြင်းတို့ကို ဖြစ်စေတယ်။

ခြေလက်က ကြွက်သားတွေဆီကိုလဲ သွေးပိုရောက်စေတယ်။ အရေပြားက ချွေးပိုထွက်စေပြီး အမွေးအမှင်တွေ ထောင်စေတယ်။ နိုင်လျှင် တိုက်မယ်၊ မနိုင်လျှင် ပြေးမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အလုပ်လုပ်တဲ့ ဒီအာရုံကြောအဖွဲ့ကို ဆင်ပါသက်တစ် (Sympathetic (ဝါ) တစ်စုတစ်ရုံးတည်းပြုလုပ်သော အာရုံကြောအဖွဲ့လို့ ခေါ်တယ်။ တခြား အလိုလိုလှုပ်ရှားတဲ့ အာရုံကြောအဖွဲ့ကတော့ အိပ်တဲ့အခါ ခန္ဓာကိုယ် ဖြစ်ပျက်နေတာတွေကို ပြုလုပ်ပေးတယ်။ ဘာတွေလဲဆိုရင် သူငယ်အိမ် ကျဉ်းခြင်း၊ နှလုံးခုန် နှေးခြင်း၊ အာ လမ်းကြောင်း ကြွက်သားများ လှုပ်ရှားခြင်း၊ ဆီးသွားခြင်း၊ မစင်စွန့်ခြင်း စသည်တို့ ဖြစ်တယ်။

“အဲဒီတော့ ခဏခဏ စိတ်ဆိုးပြီး မျက်လုံးပြူးတဲ့သူဟာ ဆင်ပါသက်တစ် အာရုံကြောစနစ် လုပ်ငန်းများလို့ ကြာရင် သွေးတိုးရောဂါ ရခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းနဲ့ သွေးကြောကျဉ်းရောဂါများ ရနိုင်တယ်။ တခြား အလိုလိုလှုပ်ရှားတဲ့ အာရုံကြောစနစ် အဖွဲ့ကို ပါရာဆင်ပါသက်တစ် (Parasympathetic)၊ ဒါမှမဟုတ် သီးခြားလှုပ်ရှားတဲ့ အာရုံကြောစနစ်လို့ ခေါ်တယ်။ အဲဒီအဖွဲ့ လွန်ကဲလို့ရှိရင် အစာအိမ် အနာဖြစ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ရခြင်းနဲ့ ဗိုက်နာခြင်း စတဲ့ ရောဂါတွေ ရတတ်တယ်။

ကဲ-သမီး ဖေဖေ ဘာရောဂါ ရမလဲ”ဟု ကျွန်မက ပြုံး၍မေးရင်း နိဂုံးချုပ်လိုက်ပါသည်။ သမီးတို့၏ ဖခင်ကမူ “ဘာလုပ်ရင် ဘာဖြစ်တယ်ဆိုတာ သိနေတော့ ပါးပါးကတော့ ဘာရောဂါမှ ရမှာမဟုတ်ဘူး။ အခုလဲ ဒေါင်ဒေါင်မြည်အောင် ကျန်းမာနေတာ အသိမဟုတ်လား။ သိပ်ကြောက်တတ်တဲ့ သူတွေသာ ရောဂါမျိုးစုံရမှာ”ဟု ပြန်၍ပြောပါသည်။

“ဟုတ်တယ်၊ လူတိုင်းကို ကြောက်နေတဲ့ လူတွေဟာ တစ်မျိုးမဟုတ် တစ်မျိုး ရောဂါရနေတာ ပါးပါးရဲ့” ဟု သမီးတွေကလည်း ကျွန်မကို ပြုံးစစနဲ့ ကြည့်ကာ စကြပါသည်။

ဒေါက်တာ နန်းဥမ္မာ

No comments:

Post a Comment