Tuesday 3 September 2013

မိခင်လောင်းဘ၀တွင် ပိုအလေးထားရမည့် “သွား”



မိခင်လောင်းဘ၀တွင် ပိုအလေးထားရမည့် “သွား”
ကျွန်တော်ငယ်ငယ်က အဘွားအမြဲ ပြောတတ်လို့ မှတ်မိနေတဲ့ စကားလေးတစ်ခွန်း ရှိတယ်။ "ကိုယ်ဝန်ဆောင် မိခင်ဆိုတာ တစ်နေ့သင်္ချိုင်းကို မျက်စောင်းသုံးခါ ထိုးတယ်" တဲ့။ ကလေးဘ၀တုန်း ကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ဘာဖြစ်လို့များ သင်္ချိုင်း တစ်နေ့သုံးကြိမ် မျက်စောင်း သွားသွားပြီး ထိုးပါလိမ့်လို့ ခပ်ကြောင်းကြောင်း တွေးခဲ့မိတယ်။



သွားနှင့်ခံတွင်း အလုပ်သင် ဆရာဝန်ဘ၀ ရောက်တော့ မေးရိုးနှင့် ခံတွင်း ခွဲစိတ်ကုသမှု ဌာနမှာ တာဝန် ကျနေတုန်း ကိုးလ နီးပါး ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီး တစ်ဦး အရေးပေါ် ဌာနကိုရောက်လာခဲ့ ပါတယ်။ သွားပိုးစား ရောဂါကနေ တစ်ဆင့် ပိုးဝင်ကာ မျက်နှာတစ်ခြမ်း ရောင်ရမ်းပြီး ခန္ဓာကိုယ် တစ်ခုလုံး ပိုးပျံ့နှံ့တဲ့ ရောဂါ လက္ခဏာတွေနဲ့ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေ သွင်းပြီး ခက်ခက်ခဲခဲ ကုသနေတဲ့ အချိန်အတွင်းမှာ ကလေးလည်း မီးဖွားခဲ့ရ သေးတယ်။ လူနာရော၊ လူနာရှင်တွေမှာ ဘယ်လောက်တောင် ဒုက္ခ ခံစားခဲ့ကြရမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ တင် သိရှိနိုင် ပါတယ်။


ကိုယ်ဝန်ဆောင်တယ် ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ ဘ၀မှာ ထူးခြား မွန်မြတ်လှတဲ့ အချိန်အခါ သမယတစ်ခု ဖြစ်သလို အန္တရာယ် အချိန်မရွေး ကြုံနိုင်တဲ့ကာလ တစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှု တွေကြောင့် ပင်ပန်း နွမ်းလျမှုတွေ၊ အော့အန်မှု တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ ဒုက္ခဟာ မသေးလှပါဘူး။ ဒီလို ဒုက္ခတွေ ကြားထဲမှာ ကိုယ်ဝန် တကားကားနဲ့ သွားဆေးခန်းတွေ၊ ဆေးရုံတွေကို ရောက်လာကြတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ မနည်းလှပါဘူး။ သွားကိုက်လို့၊ သွားဖုံးတွေ ရောင်ရမ်းလို့ သွားဖုံးက သွေးတွေ ယိုလို့၊ သွားဖုံး အဖုအကျိတ်တွေ ထွက်လို့ အမျိုးမျိုးသော ရောဂါတွေနဲ့ ရောက်လာကြ ပါတယ်။


ကိုယ်ဝန်ဆောင် မိခင် တစ်ယောက်မှာ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်ပြီး သွားဖုံးရောင်ရောဂါ အပြင် သွားပိုးစားရောဂါ ဖြစ်ပွားနိုင်မှု များကို တိုးပွားစေ ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိစဉ် အတွင်းနဲ့ ကလေးမီးဖွားပြီး အချိန်တွေမှာ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သင့် ပါတယ်။ အကောင်းဆုံး ကတော့ ကိုယ်ဝန် မယူခင် ကတည်းက သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုကို သေချာယူထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

ကိုယ်ဝန်မဆောင်ခင် “သွား” ကျန်းမာရေး စောင့်ရှောက်မှု ကြိုတင်ခံယူခြင်း


ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် အနေနဲ့ ကိုယ်ဝန် ဆောင်မယ်လို့ စိတ်ကူးတဲ့ အချိန် ကတည်းက သွားနှင့် ခံတွင်း ကျန်းမာရေးကို သေချာ ဂရုတစိုက် ကြိုတင်၍ ကုသမှု ခံယူသင့် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အကြမ်းဖျင်းအားဖြင့် ကိုယ်ဝန်ဆောင် ကာလ ကိုးလကို သုံးပိုင်း ခွဲကြည့်လျှင် ပထမ သုံးလ၊ ဒုတိယ သုံးလနဲ့ တတိယ သုံးလလို့ တွေ့နိုင်ပြီး ပထမ သုံးလနှင့် တတိယ သုံးလ အတွင်းမှာ သွားနှင့် ခံတွင်း ရောဂါ တစ်ခုခု ခံစားရပါက ကုသရန် ခက်ခဲသောကြောင့် ဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင် ကာလ ပထမသုံးလ အချိန်အတွင်းမှာ သန္ဓေသားရဲ့ အင်္ဂါ အသီးသီး စတင် ဖြစ်ပွားရတဲ့ ကာလ ဖြစ်ပါတယ်။ ယင်းကာလ အတွင်းမှာ သန္ဓေသား ဖြစ်ပွားမှုကို အနှောင့်အယှက် ဖြစ်စေမယ့် ဓာတ်မှန် ရိုက်ခြင်း၊ တချို့သော ဆေးဝါးများ သောက်သုံးခြင်း၊ စိတ်ဖိစီးမှု ဖြစ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ရမယ်။ အကယ်၍ တစ်စုံတစ်ရာ အမှားအယွင်း ပြုလုပ်ခဲ့မိပါက သန္ဓေသားရဲ့ကိုယ်အင်္ဂါ ဖြစ်ပွားမှုမှာ ပြဿနာ ပေါ်စေပြီး အင်္ဂါမစုံတဲ့ ကလေးကို မွေးဖွားလာနိုင် ပါတယ်။


ဒီလိုပါပဲ နောက်ဆုံး သုံးလမှာလည်း သန္ဓေသားရဲ့ ကြီးထွားလာမှုကြောင့် သွားခံတွင်း ကျန်းမာရေး ကုသမှု ခံယူဖို့ ဆေးကုသမှု ခံယူသော ခုံပေါ်မှာ အချိန် ကြာမြင့်စွာ ထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သန္ဓေသားက Inferior Vena Cava လို့ ခေါ်တဲ့ သွေးကြောကို ဖိထားသလို ဖြစ်ပြီး သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းလာကာ သတိလစ် မေ့မြောသွားတတ် တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် တချို့သော ထုံဆေးမှာ ပါဝင်တဲ့ ဆေးတစ်မျိုးဟာ သားအိမ်ကို ညှစ်ရာမှာ လှုံ့ဆော်ပေးတဲ့ ဟော်မုန်း တစ်မျိုးရဲ့ အစွမ်းသတ္တိနဲ့ တူနေတာမို့ ကလေး ပျက်ကျခြင်း ကိုလည်း ဖြစ်စေပါတယ်။


အထက်ပါ ကိစ္စများကြောင့် ကိုယ်ဝန် မဆောင်ခင် ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ထားတဲ့ အချိန်က စပြီး သွားဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ကြိုတင်ပြသ စစ်ဆေးပြီး သွားကျောက်များကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊ သွားဖုံး ကျန်းမာရေးကို ဂရုစိုက်ခြင်း၊ သွားပိုးစားထားတဲ့ ပိုးပေါက်တွေ ရှိပါက သွားဖာခြင်း၊ ဆေးကုသခြင်း များကို ပြုလုပ်ထားသင့် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သွားရောဂါ တစ်ခုခု ခံစားရပါက ဆေးကုသမှု ခံယူရန် ခက်ခဲပြီး အခန့်မသင့်လျှင် ကလေးအား ထိခိုက်နိုင်သည်ကို သတိပြုသင့် ပါတယ်။


ကိုယ်ဝန်ဆောင်နေစဉ် အတွင်း သွားကျန်းမာရေး စောင့်ရှောက်မှု ခံယူခြင်းနှင့် ဖြစ်ပွားတတ်သော သွားနှင့်ခံတွင်း ရောဂါများ


ကိုယ်ဝန်ဆောင် အမျိုးသမီး တော်တော်များများဟာ ကိုယ်ဝန်ဆောင် အစောပိုင်း ကာလများမှာ အန်တတ် ပါတယ်။ အဲဒီလို အန်ရာမှာ အစာအိမ် အတွင်းမှ အက်ဆစ်ရည်တွေ ပါလာတတ်ပြီး ယင်းအက်ဆစ် များက သွားများကို စားသွားနိုင်ပါတယ်။ ထိုမှ တစ်ဆင့် သွားပိုးစား ရောဂါရှိပါက ပိုမိုဆိုးဝါး သွားစေနိုင် ပါတယ်။ ဒါကြောင့် အန်ပြီးတိုင်း ရေနဲ့ သေချာစွာ ပလုတ်ကျင်းဖို့ လိုအပ်ပါတယ်။ ပျို့ချင်၊ အန်ချင်တာကြောင့် သွားတိုက်ခြင်းကို မပျက်ကွက်စေရန် အထူး ဂရုပြုသင့် ပါသည်။


ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ထင်ရှားတဲ့ သွားနှင့်ခံတွင်း ရောဂါလက္ခဏာ တစ်ခုကတော့ သွားများ ယိုင်နဲ့လာတတ်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဖြစ်ပွားရခြင်းမှာ ကိုယ်ဝန်ဆောင်နေစဉ် အတွင်း အီစတိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတုန်း (Progestrone) ဟော်မုန်း ပမာဏများ ခန္ဓာကိုယ် အတွင်း မြင့်မားလာခြင်းကြောင့် ကိုယ်ဝန်ဆောင် သွားဖုံးရောင် ရောဂါ (Pregnancy Gingivitis) ဖြစ်ပွားတာကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး များရဲ့ ၅၀ ရာခိုင်နှုန်း အထက်မှာ ဖြစ်ပွားလေ့ ရှိပါတယ်။ တချို့ ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် သွားဖုံးရောင် ရောဂါအပြင် သွားဖုံးမှ သွေးယိုခြင်း၊ သွားဖုံးမှ အဖုအကျိတ် ထွက်ခြင်း (Pregnancy Tumour) များပါ ဖြစ်ပွားတတ် ပါတယ်။


ကိုယ်ဝန်ဆောင်ကာလ သွားနှင့် ခံတွင်း ဆေးကုသမှု ခံယူရာတွင် လိုက်နာသင့်သည့် အချက်များ


ကိုယ်ဝန်ဆောင်နေစဉ် အတွင်း တခြားသော ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူသကဲ့သို့ သွားနှင့် ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ခံယူသင့် ပါတယ်။ ယင်းကဲ့သို့ ကုသမှု ခံယူရာတွင် သတိပြု လိုက်နာသင့်သော အချက်များမှာ -


- ကိုယ်ဝန် ဆောင်နေကြောင်း သွားဘက်ဆိုင်ရာ ဆရာဝန်ကို သေချာ ပြောပြရပါမယ်။ အဘယ့်ကြောင့် ဆိုသော် ပထမ သုံးလနဲ့ နောက်ဆုံး မွေးဖွားခါနီး သုံးလအတွင်း သွားရောဂါ ကုသမှုများကို တတ်နိုင်သမျှ မပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်ပါတယ်။ ယင်းကာလများ အတွင်း ရောဂါဝေဒနာ လုံးဝ ပျောက်ကင်းအောင် ကုသခြင်းမျိုးထက် ဝေဒနာ သက်သာစေလောက်သော ကုသမှု များကိုသာ ကုသပေးတတ် ပါတယ်။ မဖြစ်မနေ ကုသရမယ့် ရောဂါများ ရှိရင် ဒုတိယ သုံးလ အတွင်း ခံယူနိုင် ပါတယ်။


- သွားဘက်ဆိုင်ရာ ဆရာဝန်ကို မိမိ သောက်သုံးနေသော ကိုယ်ဝန်ဆောင် အားဆေးမှ စ၍ တခြားသော ဆေးများကို အမည်နဲ့ တကွ သေချာစွာ ပြောပြရန် လိုအပ်ပါတယ်။ ဒါ့အပြင် သားဖွားမီးယပ် ဆရာဝန်ရဲ့ ညွှန်ကြားထားတဲ့ အချက်အလက် များကိုလည်း သေချာစွာ ပြောပြသင့် ပါတယ်။ ယင်းအချက်အလက် များကို အခြေခံပြီး သွားဆရာဝန်များ အနေနဲ့ ကုသမှု အစီအစဉ် (Treatment Plan) ကို သေချာစွာ ချမှတ်နိုင်မှာ ဖြစ်လို့ ဖြစ်ပါတယ်။


- ကိုယ်ဝန်ဆောင် နေစဉ် သွားနာ သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းများ ဖြစ်ပွားလျှင် သွားဆရာဝန်နဲ့ မပြသဘဲ မိမိ သဘောဖြင့် နီးစပ်ရာ ဆေးစပ်ရောင်းသော ဆိုင်များမှာ စပ်ဆေးများ ၀ယ်သောက်ခြင်းကို လုံးဝ မပြုလုပ်ရန် အထူး သတိပြုသင့် ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် တချို့သော ဆေးဝါးများ ဥပမာ အားဖြင့် Tetracycline, Aspirin, Benzodiazepines, Erythromycin Estolate စသည် တို့ဟာ သောက်သုံးရန် မသင့်တော်သောကြောင့် ဖြစ်ပါသည်။


- ကိုယ်ဝန်ဆောင် ကာလအတွင်း ဓာတ်မှန်ရိုက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်ပြီး မဖြစ်မနေ ရိုက်ရမယ် ဆိုလျှင် Lead အကာအကွယ် ပစ္စည်းကို အသုံးပြုသင့် ပါတယ်။


- အရေးအကြီးဆုံးမှာ ကိုယ်ဝန် ဆောင်နေရသဖြင့် သွားနှင့် ခံတွင်း ဆေးခန်း ပြသမှုကို ရပ်ဆိုင်းရန် မလိုအပ်ပေ။ ကိုယ်ဝန် ဆောင်နေစဉ် အတွင်း သွားဖုံး ရောင်ရမ်းခြင်း၊ သွားဖုံးမှ သွေးယိုခြင်း၊ သွားဖုံးမှ အဖုအကျိတ်များ ထွက်ခြင်း စသည်တို့မှာ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် သွားဖုံးနဲ့ သွားများကို ပုံမှန် စစ်ဆေးမှု ခံယူသင့် ပါတယ်။ ယင်းရောဂါများသည် အများအားဖြင့် ဟော်မုန်း အပြောင်းအလဲများကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပြီး သေချာ ဂရုစိုက် စောင့်ကြည့်ရန် လိုအပ်လှ ပါတယ်။ တချို့မှာ ကလေး မွေးဖွားပြီးပါက အလိုလို ပျောက်ကင်း သွားနိုင်သော်လည်း တချို့ ရောဂါများမှာ ကလေး မွေးဖွားပြီးမှ ဆက်လက် ကုသရခြင်း မျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပြီး သွားကျန်းမာရေး ပြဿနာများကို လျှော့ချနိုင် ပါတယ်။


ကလေး မွေးဖွားပြီးနောက် သွားနှင့် ခံတွင်းကုသမှု ခံယူခြင်း


ကိုယ်ဝန်ဆောင်စဉ် အတွင်း ဖြစ်ပွားခဲ့သော သွားဖုံးရောင် ရောဂါ၊ သွားဖုံး၌ အဖုအကျိတ် ထွက်ခြင်း စတဲ့ ရောဂါတွေကို ကလေး မွေးဖွားပြီးနောက် ဆက်လက် ခံစားနေရတယ် ဆိုရင် သွားဘက်ဆိုင်ရာ ဆေးခန်းကို သွားရောက်ပြီး ဆရာဝန်နဲ့ ကုသမှု ခံယူသင့် ပါတယ်။ ဒါ့အပြင် မွေးဖွားထားတဲ့ ရင်သွေးငယ်မှာ ခြောက်လ အရွယ်က စပြီး သွားကလေးများ စတင် ပေါက်လာမှာ ဖြစ်လို့ ကလေးငယ်ရဲ့ သွား ကျန်းမာရေးကိုပါ ကြိုတင် ဆွေးနွေးပြီး အကြံဉာဏ်များ ယူနိုင်ပါတယ်။ ကလေးငယ်များတို့ သွားပေါက်တဲ့ အချိန်က စပြီး သွားကလေးများ ဂရုတစိုက် ပြုစုပေးခြင်း၊ သန့်ရှင်းရေး ပြုလုပ်ပေးခြင်း တို့ကို ပြုလုပ်ပေးရင် နိုပိုးလို့ ခေါ်တဲ့ သွားပိုးစား ရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပြီး အသက် ငယ်ငယ်ကလေးနဲ့ သွား နုတ်ရခြင်း၊ သွားကိုက် ဝေဒနာကို အရွယ်နဲ့ မမျှအောင် ခံစားရခြင်း စသည်တို့ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင် အမေများ အနေနဲ့ ကိုယ်ဝန်ဆောင် ကာလအတွင်း သာမက မီးဖွားပြီး အချိန်များတွင်ပါ မိမိရော၊ မိမိ ကလေးငယ်ကိုပါ သွားနှင့်ခံတွင်း ရောဂါများကို သေချာစစ်ဆေး ဂရုစိုက် စောင့်ရှောက်ရန် လိုအပ်လှ ပါတယ်။


အမျိုးသမီး တစ်ဦးအတွက် ကိုယ်ဝန်ဆောင် ကာလ ဆိုသည်မှာ ကြည်နူး ဆွတ်ပျံ့ဖွယ်၊ လွမ်းမောဖွယ်၊ ထိတ်လန့်ဖွယ် စသော ခံစားမှု ပေါင်းစုံကို ခံစားရသော အချိန်ကာလ တစ်ခုပင် ဖြစ်ပါတယ်။ ယင်းကဲ့သို့ အန္တရာယ်မျိုးစုံ အကြားမှာ ရုန်းကန်နေရတဲ့ အချိန်ကာလ အတွင်းမှာ သတိပြုသင့်၊ ဂရုစိုက်သင့်တဲ့ သွားနှင့်ခံတွင်း ဆိုင်ရာ ကျန်းမာရေး အချက်အလက် များကို သိရှိပြီး မိမိကိုယ်တိုင် သာမက သားငယ်၊ သမီးငယ် များရဲ့ ဘ၀အစ အချိန်ကလေးမှ စ၍ ဂရုစိုက်နိုင် စေရန် ဆန္ဒပြုလိုက် ရပါတယ်။
တဆင့် ဒေါင်းဖြူသား at 12:22 AM

No comments:

Post a Comment