Tuesday, 3 September 2013

မျောက်သွေး



မျောက်သွေး

ကျန်းမာရေး အကြောင်း မရေး ဖြစ်တာ နည်းနည်း ကြာသွားပါပြီ ။ ဒီနေ့တော့ မျောက်သွေး အကြောင်း ရေးပါမယ် ။ မျောက်တွေ မှာရှိတဲ့ မျောက်သွေး အကြောင်း တော့ မဟုတ်ပါဘူး ။ ကျနော်တို့ လူခန္ဓာကိုယ် မှာရှိတဲ့ မျောက်သွေး အကြောင်းရေးမှာပါ ။ ကျနော်တို့ လူတွေမှာ မျောက်သွေး ရှိတယ် ဆိုတာ ကို အချို့က တနေနေရာက ကြားဖူး ကြားမှာပါ ။ တချို့ကတော့ ဒီ မျောက်သွေး မတည့်တဲ့ ပြဿနာကို ရင်ဆိုင်ဖူး ကြမှာပါ ။ မိခင်က မျောက်သွေး မရှိတဲ့ မိခင်က ကိုယ်ဝန် ဆောင်တဲ့အခါ ဖခင်လောင်း ဆီက မျောက်သွေး ပါတဲ့ သန္ဓေ သားကိုရတဲ့အခါ မျောက်သွေး မတည့်မှု တွေ ဖြစ်လာတာပါ ။ ကျနော် နည်းနည်း ဆက်ရှင်း ပြပါမယ် ။




ကျနော်တို့ရဲ့  သွေး အုပ်စုတွေကို အဓိက ( ၄ ) အုပ်စုရှိတယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ ။A , B , AB , O ဆိုတဲ့ သွေး အုပ်စုတွေပါ ။ အဲဒီ ABO သွေးအုပ်စုအပြင် Rh သွေးအုပ်စု ဆိုတာ ရှိပါ သေးတယ် ။ ...သွေးနီဥ တွေရဲ့ မျက်နှာပြင်ပေါ်မှာ Rh Antigen ပါခဲ့ လို့ရှိရင် Rh Positive သွေးအုပ်စု ဖြစ်ပြီး ၊ Rh Antigen မပါခဲ့လို့ရှိရင်တော့ Rh Negative သွေးအုပ်စုပါ ။ Rh blood group system ကိုထပ်ပြီး အုပ်စု အသေးတွေ ခွဲလို့ ရသေး ပေမယ့် ကျနော် Rh (+) နဲ့ Rh (-) အကြောင်းပဲ ပြောပါမယ် ။



Rh ဆိုတာ Rhesus Factor ပါ ။ ကျနော် အပေါ်မှာ ပြောတဲ့ မျောက်သွေး ပေါ့ ။



Rhesus Factor က ဘာပြဿနာတွေပေးနိုင်သလဲ ။



ကိုယ်ဝန် ဆောင်တဲ့အခါ Rhesus Blood Group မတူညီမူ ပြဿနာတွေ ပေးနိုင် ပါတယ် ။ ဥပမာ ... မိခင်က Rh (-) ၊ ၀မ်းထဲက လွယ်ထားတဲ့ ကလေးလေးက Rh (+) အဖေဆီက Rh (+) သွေးသာ အမွေ ဆက်ခံခဲ့ မယ် ဆိုရင် မိခင်က Rh (-) နဲ့ ကလေးရဲ့ Rh (+) အဆင်မပြေ တာတွေဖြစ်လာပါတယ် ။



လူခန္ဓာကိုယ်မှာ ဓာတ်မတည့်တဲ့ ပစ္စည်း တစ်ခု ၀င်လာရင် ခန္ဓာကိုယ်က ပြန်လည် တုန့်ပြန်ပါတယ် ။ ၀င်လာတဲ့ ပစ္စည်းကို Antigen လို့ခေါ်ပါတယ် ။ Antigen ၀င်လာပြီ ဆိုရင် ခန္ဓာကိုယ်က အဲဒီ Antigen ကိုမှတ်ထားပြီး သူ့ကို တိုက်ခိုက်ဖို့ အတွက် ပဋိ ပစ္စည်းတွေ စတင် ထုတ်လုပ် ပါတယ် ။ Antibody လို့ခေါ်ပါတယ် ။ နောက်တခါ အဲလို Antigen တွေ ထပ်ဝင်လာပြီဆိုရင်တော့ ထုတ်လုပ်ထားတဲ့ Antibody နဲ့ ၀င်လာတဲ့ Antigen တွေ ကို တိုက်ခိုက် ဖျက်ဆီး တတ်ကြပါတယ် ။



ကျနော်တို့ မျောက်သွေး မတည့်တဲ့ ပြဿနာကို ပုံလေးတွေနဲ့ ကြည့်ကြပါစို့ ။





အဖေ့ဆီကရတဲ့ Rh (+) နဲ့ မိခင် Rh (-) က ကိုယ်ဝန်ဆောင် ထားတဲ့ပုံပါ ။





မိခင်ကိုယ်က ကလေးရဲ့ Rh (+) တွေကို မိမိရဲ့ သွေးအတွင်းမှာ ရန်သူအဖြစ် သတ်မှတ်ပြီး Antibody ထုတ်လုပ် နေတာပါ ။





Antibody တွေက ကလေးလေးရဲ့ ခန္ဓာကိုယ်ထဲ ၀င်သွားပြီး Rh (+) သွေးဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီး ပစ်တာပါ ။



ဒီလို ပြဿနာက ပထမသားဦးမှာ ( ပထမ ကိုယ်ဝန်မှာ ) မဖြစ်ပါဘူး ။ ဒုတိယ အကြိမ် ကိုယ်ဝန် ဆောင်တဲ့အခါ ကျမှ မိခင် ခန္ဓာကိုယ် ထဲမှာ အရင် ကိုယ်ဝန် တုန်းက မှတ်ထား ထုတ်လုပ် ထားတဲ့ Antibody တွေက ဒုတိယ တခါမှာ အစွမ်းပြ တော့တာပါ ။



ဒါပေမယ့် အရင်က ကိုယ်ဝန် ပျက်ကျဖူးတာ ၊ သွေးသွင်းဖူးတာ အစရှိတဲ့ Rh (+) နဲ့ Rh (-) သွေး ထိတွေဖူး စေတာ တွေ ရှိခဲ့ရင် မိခင်သွေးမှာ Antibody ရှိနေပြီး ပထမဦးဆုံး ကလေးမှာ ကို ပြဿနာ ဖြစ်တတ် ပါတယ် ။



မိခင်ရဲ့ Antibody တွေက ကလေးလေးရဲ့ သွေးနီဥ မျက်နှာပြင်က Rhesus Antigen တွေကိုတိုက်ခိုက်ပါတယ် ။ ဒီတော့ သွေးနီဥ လေးတွေ ပေါက်ပြီး ပျက်ဆီး သွားပါတယ် ။ မွေးခင်းစ ကလေးလေး တွေမှာ အသားဝါ ပါတယ် ။ သာမန် အသား ၀ါတာမျိုးနဲ့ မတူပဲ ဆိုးဝါး ပြင်းထန် ပါတယ် ။ အလင်းရောင် ပေးတာ ( Phototherapy) အပြင် ထိထိ ရောက်ရောက် ကြပ်မတ် ကုသဖို့လဲ လိုအပ် ပါတယ် ။ လိုအပ်ရင် ကလေးလေး ကိုယ်ထဲက သွေးတွေကို လဲလည်ပြီး (Exchange Blood Transfusion ) ကုသဖို့ လိုအပ် ပါတယ် ။ ဒါမှသာ တသက်လုံး ဉာဏ်ရည် မမှီတာတွေ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို ကာကွယ် တားဆီး နိုင်မှာ ဖြစ်ပါတယ် ။



အခု တိုးတက် လာတဲ့ ခေတ် မှာတော့ Rh ပြသနာမျိုးကို ကြိုတင် ကာကွယ်နိုင်ပါပြီ ။ မိခင် ကိုယ်ဝန်ဆောင် တွေကို ကိုယ်ဝန်ဆောင် နေချိန် အတွင်းမှာနဲ့ မွေးဖွားခါနီးမှာ RhoGAM လို့ ခေၞတဲ့ Rho(D) immune globulin ထိုးပြီး ကာကွယ်နိုင်ပါပြီ ။



Rh Incompatibility အကြောင်း အကျဉ်းချုံးပြီး ရေးလိုက်ပါတယ် ။ ပြည့်ပြည့်စုံစုံ မဟုတ်ပေမယ့် မျောက်သွေး ဆိုတဲ့ အကြောင်း တစေ့တစောင်း စာဖတ်သူတွေ သိသွား တာပေါ့ ။



ကျန်းမာရေး ဗဟုသုတ တိုးပွား နိုင်ကြပါစေ ။



Dr Zero

No comments:

Post a Comment