ခေတ်မီလှပ မိခင်ဘဝ
တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း
သားသမီးရတနာ ယူတော့မယ့် အမျိုးသမီးတွေ အဓိက သိထားသင့်တဲ့ အချက်တွေကို ပြောပြပေးပါ ဆရာ။
သားသမီးရတနာ ယူတော့မယ်ဆိုရင် အမျိုးသမီးတွေ အနေနဲ့ ကလေးကို မလိုချင်ရင် မယူသင့်ပါဘူး။ ကလေးကို မိခင်က ချစ်မြတ်နိုးမှ ကျန်းမာသွက်လက်ပြီး ဉာဏ်ရည်ထက်တဲ့ ကလေးကို မွေးဖွားပေးပြီး ပြုစုပျိုးထောင်ပေးနိုင်မှာ ဖြစ်လို့ပါ။ နောက်အရေးကြီးတဲ့ အချက်တွေကတော့ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးက မပိန်မဝ အနေတော် ဖြစ်ရပါမယ်။ ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးရှောင်ဖို့လိုပြီး ဖောလစ်အက်စစ်ကို ပုံမှန် သောက်သုံးသင့်ပါတယ်။ ဖောလစ်အက်စစ်ဟာ သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက် (အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းချက်) မပါအောင် ကာကွယ်ပေးနိုင်လို့ပါ။
ကိုယ်ဝန်ဆောင်စဉ်မှာ ကျန်းမာရေး စစ်ဆေးမှုကိုရော လုပ်သင့်ပါသလား ဆရာ။
ကိုယ်ဝန်မဆောင်ခင် ကတည်းက အသည်းရောင် အသည်းဝါပိုးတွေ၊ HIV ပိုး၊ ဆစ်ဖလစ်ကာလသားပိုး၊ သွေးအားနည်းရောဂါ စတဲ့ ရောဂါတွေ ရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။ ဒီပိုးတွေနဲ့ ရောဂါတွေက သန္ဓေသားကို ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေနိုင်လို့ပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဒီပိုးတွေ ရှိရင်လည်း သန္ဓေသားဆီ မရောက်ရှိအောင် ထိန်းချုပ်နိုင်မယ့် နည်းတွေကို လုပ်ဆောင်နိုင်တာကြောင့် ရောဂါရှာဖွေဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ ရောဂါတွေ ရှိနေရင်လည်း သက်ဆိုင်ရာ သမားတော်နဲ့ ပြသရပါမယ်။
အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်ကကော သက်ရောက်မှု ရှိပါသလား ဆရာ။
ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးက ဝလွန်းရင် ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ဓာတ်ကျရောဂါတွေ ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆိပ်တက်တာ၊ လမစေ့တဲ့ ကလေးမွေးတာ၊ ဆီးချိုသွေးချိုရောဂါ ဖြစ်တာတွေလည်း ဖြစ်တတ်ပါတယ်။ မိခင်က ဝလွန်းတာကြောင့် ခွဲစိတ်ပြီး ကလေးမွေးဖွားရတတ်သလို ခွဲစိတ်ရ ခက်ခဲတာ၊ အနာကျက်နှေးတာ၊ ချုပ်ရိုးပြေတာနဲ့ ချုပ်ရိုးကွဲထွက်တာ စတဲ့ အခြေအနေတွေလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မယ့် မိခင်က ပိန်လွန်းရင်တော့ ရာသီမှန်မှန်မလာတာ၊ သားဥမကြွေတာ၊ ကလေးမရတာတွေ ဖြစ်နိုင်သလို ကိုယ်ဝန်ရခဲ့ရင်တောင် ကိုယ်ဝန်ပျက်ကျတာ၊ ပေါင်မပြည့် လမစေ့ ကလေးမွေးတာတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတစ်ယောက်က ပိန်လွန်းရင် ရောဂါဒဏ်ကို မခံနိုင်တာ၊ သွေးအားနည်းတာ၊ ရင်တုန်တာ၊ မောပန်းတာတွေ ဖြစ်တတ်သလို အရိုးပါးရောဂါလည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတစ်ယောက်က မပိန်လွန်း၊ မဝလွန်းဘဲ ကိုယ်အလေးချိန်က အနေတော် ဖြစ်ဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရကကော ဘယ်လောက်အထိ အရေးကြီးပါသလဲ ဆရာ။
ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝဖို့ အထူးအရေးကြီးပါတယ်။ အာဟာရချို့တဲ့ရင် အားအင်ချိနဲ့တာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ သွေးအားနည်းတာ၊ ပိုးဝင်လွယ်၊ ရောဂါရလွယ်တာတွေ ဖြစ်တတ်ပါတယ်။ ကစီဓာတ်ရစေမယ့် ကာဗိုဟိုက်ဒရိတ်အစာတွေ၊ အသား၊ အသီးအနှံတွေနဲ့ နွားနို့တွေကို စားသောက်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဥအမျိုးမျိုး၊ နို့နဲ့ အသားတွေကို စားတဲ့အခါ ကျက်မှ စားရပါမယ်။ တိရစ္ဆာန်အသည်းကိုတော့ ရှောင်သင့်ပါတယ်။ ဗီတာမင်အေတွေ အများကြီးပါတာမို့ လွန်ကဲတဲ့ ဗီတာမင်ဓာတ်ကြောင့် ပုံမမှန်တဲ့ ကလေးမွေးတတ်လို့ပါ။ လမ်းဘေးစာ၊ ယင်နားစာ၊ တညင်းသီး၊ မှို စတာတွေကို မစားသင့်ပါဘူး။ အစားအသောက်စားတဲ့အခါ လက်ဆေးပြီးမှ စားဖို့ အရေးကြီးပါတယ်။ အိမ်မှာ ကြောင်တွေရှိရင် ကြောင်ချေးတွေကို သတိထားပါ။ ကြောင်ချေးက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ပါးစပ်ထဲ မတော်တဆဝင်သွားရင် Toxoplasma Gondii ဆိုတဲ့ ပိုးဝင်ရောက်ပြီး သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကြောင်ကို လုံးဝမကိုင်ရင် ကောင်းမယ်။ ကြောင်မွေးမှာ ကြောင်ချေးမှုန်လေးတွေ ကပ်ပါနေတတ်လို့ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးရုံကို အမြန်သွားဖို့ လိုအပ်တဲ့ အခြေအနေတွေရှိရင် ပြောပြပေးပါ ဆရာ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းပြင်းထန်ထန် အန်တယ်၊ သွေးတွေပါတဲ့အထိ အန်တယ်ဆိုရင် ဆေးရုံကို အမြန်တက်ဖို့ လိုအပ်ပါတယ်။ သွေးဆင်းတာ၊ ရေဆင်းတာတွေ ဖြစ်ရင်လည်း အမြန်ဆုံး ဆရာဝန်ဆီ သွားပြရပါမယ်။ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ အန်တာ၊ အမြင်ဝေဝါးတာ၊ တက်တာတွေဖြစ်ခဲ့ရင် ဒီလက္ခဏာတွေ အားလုံးက ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေ ဖြစ်တာကြောင့် အသက်အန္တရာယ်ရှိပါတယ်။ ဆေးရုံ၊ ဆေးခန်းကို အမြန်သွားပြသင့်တဲ့ အခြေအနေပါ။ နောက်တစ်ချက်က ဗိုက်ထဲက ကလေးက မလှုပ်ရင်၊ မျက်စိတွေ ပြာဝေပြီး ဖောရောင်တာ၊ ခေါင်းကိုက်တာ၊ သွေးတိုးတာတွေ ဖြစ်နေရင်လည်း ဆေးရုံတက်ဖို့ လိုအပ်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ အိပ်မပျော်ရင် အိပ်ဆေးသောက်လို့ ရပါသလား ဆရာ။
ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ အိပ်ပျော်အောင် စိတ်ဖိစီးမှုတွေ၊ ရှေ့ရေးကိုတွေးပြီး ပူပင်သောကများနေတာတွေကို လျှော့ချသင့်ပါတယ်။ အချိန်ရတိုင်း အနားယူပေးဖို့ လိုအပ်သလို အိပ်ပျော်အောင် ရေနွေးစိမ်ပြီး ရေချိုးတာ၊ နွားနို့သောက်တာတွေ လုပ်သင့်ပါတယ်။ အိပ်ဆေးက စွဲတတ်တဲ့ သဘောရှိလို့ အိပ်ဆေး မသောက်သင့်ပါဘူး။ အိပ်ဆေးသောက်ပါများရင် ဗိုက်ထဲက ကလေးပါ အိပ်ဆေးအရှိန်ကြောင့် မလှုပ်တာမျိုး ဖြစ်တတ်လို့ပါ။
Good Health

No comments:
Post a Comment