Tuesday, 3 September 2013

နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုတာဘာလဲ



နေရာလွဲမှား သန္ဓေတည်ခြင်း ဆိုတာဘာလဲ

http://catalog.nucleusinc.com/imagescooked/9336W.jpg

နေရာလွဲမှား သန္ဓေတည်ခြင်းဟာ ဘယ်လောက် အဖြစ်များသလဲ

ကိုယ်ဝန်ဆောင်ခြင်း အကြိမ် ၅၀ မှာ တစ်ကြိမ် ဖြစ်တတ်ပါတယ်။ အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တွေ အားလုံးရဲ့ ၂% ပေါ့။ အဲလောက် အဖြစ်များသလို ဖြစ်လာရင် အသက်နဲ့ အရမ်းနီးလို့ အရွယ်ရောက်ပြီး အမျိုးသမီးအားလုံး သိထားသင့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ

များသောအားဖြင့်


မိန်းမကိုယ်က သွေးနည်းနည်းစီ ဆင်းခြင်း
ပျို့ခြင်း၊ အန်ခြင်း (ဒါကတော့ သိပ်မကွဲပြားပါဘူး။ ကိုယ်ဝန်ရှိရင် အမျိုးသမီးတိုင်း ဖြစ်တတ်ကြလို့ပါ)
ဝမ်းဗိုက်အောက်ပိုင်း အောင့်ခြင်း (ကိုယ်ဝန်ဆောင် တစ်ယောက်အတွက် ဗိုက်ရဲ့ ဘယ်နေရာက အောင့်အောင့် ဆရာဝန် မဖြစ်မနေ ပြဖို့ လိုတယ်ဆိုတဲ့ အသိရှိရပါမယ်)
ဗိုက်ထဲက စူးကနဲ ထိုးအောင့်တတ်ခြင်း
ခန္ဓာကိုယ် အခြမ်းတစ်ခြမ်းက အောင့်တတ်ခြင်း
သွက်ချာလည် မူးဝေသလို၊ အားနည်းသလို ခံစားရခြင်း
ပခုံး၊ လည်ပင်းနှင့် စအိုအတွင်းပိုင်းက နာခြင်း စတာတွေ ခံစားရလေ့ ရှိပါတယ်။

နေရာမှား သန္ဓေတည်ခြင်းမှာ အကြောက်ရဆုံး ကတော့ သန္ဓေသားဟာ ကြီးလာတာနဲ့ အမျှ သားဥပြွန် မဆန့်တော့ဘဲ ပေါက်ကွဲထွက်သွားခြင်းပါပဲ။ ပေါက်ထွက်သွားသော နေရာမှားသန္ဓေ (Ruptured Ectopic Pregnancy) လို့ ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ ကွဲထွက်သွားတဲ့ နေရာကနေ သွေးတွေ စိမ့်ထွက်လာပါတယ်။ ဗိုက်ထဲမှာမို့ သွေးကို မမြင်ရလို့ သွေးထွက်များတာမသိဘဲ ကုသမှု မခံယူဖြစ်သေးကာ အသက်ဆုံးရှုံးရတတ်ဆုံး အခြေအနေမို့ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

ဒါကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုတာနဲ့ သင့်ရဲ့ ဆရာဝန်ဆီ ဖြစ်စေ၊ နီးစပ်ရာ ဆေးရုံ ဆေးခန်းကို ဖြစ်စေ အမြန်သွားဖို့ အမျိုးသမီးများကို အကြံပေးလိုပါတယ်။ ဒါဟာ လနုသေးတဲ့ အချိန်မှာကို ဖြစ်လာနိုင်တဲ့ အန္တရာယ်မို့ ကိုယ်ဝန်ဆောင်ထားမှန်း မသိသေးပေမယ့် ရာသီ တစ်လ၊ နှစ်လ ပျောက်ထားတဲ့ အမျိုးသမီးတွေလည်း သတိထားရမယ့် အချက်ဆိုတာ မှတ်ထားကြပါ။ ခင်မင်သူ အမျိုးသမီးများကို ဒီ message လေး လက်ဆင့်ကမ်း ပြောပြလိုက်ကြပါ။

ဒါ့အပြင် ဆေးရုံအရောက်နောက်ကျရင် သွေးထွက်လွန် သေဆုံးနိုင်သလို အသက်မဆုံးရင်တောင် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်နိုင်စွမ်း ဆုံးရှုံးသွားနိုင်လို့ အချိန်ဟာ အသက်ပဲ ဆိုတာ သိမှတ်ထားစေချင်ပါတယ်။



ဘာကြောင့် နေရာမှား သန္ဓေတည်ရတာလဲ
ဖလိုပီယန်ပြွန် ခေါ် သားဥပြွန် ပုံမှန်အနေအထား မရှိတဲ့ အတွက် ဖြစ်ရတာပါ။ အမရဲ့ သားဥ (Egg) နဲ့ အဖိုမျိုးပွားဆဲလ် (Sperms) သန္ဓေအောင်ခြင်းဟာ သားဥပြွန်ထဲမှာ ဖြစ်ပြီး သန္ဓေအောင်သွားတဲ့ မျိုးဥလေးဟာ သားဥပြွန် ထဲကနေ သားအိမ်ထဲကို ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြွန်က မွေးရာပါကြောင့်၊ ရောင်ယမ်းခြင်းရောဂါတစ်ခု ဖြစ်ဖူးတဲ့ အတွက်ကြောင့်၊ ခွဲစိတ်မှု လုပ်ဖူးတဲ့အတွက်ကြောင့် စသဖြင့် အကြောင်းကြောင်းကြောင့် သန္ဓေဥဟာ မရွှေ့ပြောင်းနိုင်တော့ဘဲ ပြွန်ထဲမှာ ကျန်ခဲ့ပြီး ဆက်ကြီးထွားလာတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် တခြားနေရာတစ်ခု ဥပမာ သားဥအိမ်ဆီ ရောက်သွားပြီး ဆက်ကြီးထွားပါတယ်။

ဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်းရင်းတွေက ဘာတွေလဲ

• Pelvic Inflammatory Disease (PID) လို့ခေါ်တဲ့ ခါးအောက်ပိုင်း တင်ပဆုံတွင်း ရောင်ယမ်းခြင်း ရောဂါတစ်ခုခု ဖြစ်ခဲ့ဖူးသူတွေ
• ခယ်လ်မိုင်းဒီးယား၊ ဂနို စတဲ့ ကာလသားရောဂါ ကူးစက်ခံရဖူးသူတွေ
• မွေးရာပါ သားဥပြွန် ချို့ယွင်းချက်တစ်ခုခု ပါနေသူတွေ
• ၀မ်းဗိုက်အောက်ပိုင်း တင်ပဆုံပိုင်း ခွဲစိတ်မှု (Pelvic Surgery) လုပ်ဖူးသူတွေ
• သားကြောဖြတ်တာ မအောင်မြင်ဘဲ ကိုယ်ဝန်ပြန်ရသူတွေ (သို့) သားကြောဖြတ်ပြီးမှ သားသမီး ပြန်ယူသူတွေ
• ကလေးရဖို့ ခက်လို့ ကလေးရဆေးလို့ အရပ်ခေါ် ခေါ်တဲ့ Fertility Drugs တွေ သောက်သူတွေ
• IUD လို့ နာမည်ကြီးနေတဲ့ Intrauterine Device သန္ဓေတားပစ္စည်း ထည့်ထားသူတွေ (ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကတော့ အရမ်းနည်းပေမယ့် သိထားသင့်ပါတယ်)
• အရင်က နေရာမှားသန္ဓေတည်ခြင်း ဖြစ်ဖူးသူတွေ
• ကလေးရဖို့ ခက်လို့ ပြင်ပမှာ သန္ဓေအောင်အောင် လုပ်ပြီးမှ မိခင်လောင်း သားအိမ်ထဲ ပြန်ထည့်တဲ့ in vitro fertilization (IVF) နည်းနဲ့ ကလေးယူသူတွေဟာ နေရာမှားသန္ဓေတည်ခြင်း ကြုံတွေ့ခံစားရဖို့ နီးစပ်သူတွေလို့ ဆေးပညာ လေ့လာစမ်းသပ်ချက်များ အရ တွေ့ရှိရပါတယ်။

ဘယ်လိုရောဂါရှာဖွေ အတည်ပြု ကုသမလဲ

ဆေးရုံဆေးခန်းကို အချိန်မီရောက်ရင် ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်း၊ လက်ဖြင့် စမ်းသပ်ခြင်း၊ Ultrasound ခေါ် တယ်လီဗေးရှင်း ဓာတ်မှန် ရိုက်ခြင်း စတဲ့ လိုအပ်တဲ့ စမ်းသပ်ချက်တွေနဲ့ ဆရာဝန်က အတည်ပြုပေးပါလိမ့်မယ်။

အများအားဖြင့် ဝေဒနာ ပြင်းထန်မယ်၊ သွေးဆင်းတာ များမယ်၊ သွေးပေါင် အရမ်းထိုးကျပြီး ရှော့ (Shock) ရနိုင်တယ် ဆိုရင်တော့ သွေးသွင်းပြီး လူနာ အခြေအနေ ကောင်းရင် ခွဲစိတ်ကုသမှ ရတာများပါတယ်။ ကြပ်မတ်စွာ စောင့်ကြည့်ပြီး ဆေးဝါးနဲ့ ကုသတာလည်း ရှိပါတယ်။ အနေအထား အားလုံးကို ကြည့်ရှုပြီး တွက်ချက်ကာ အကောင်းဆုံး ကုသမှုနည်းလမ်းကို ဆရာဝန်က ရွေးချယ်ပြီး လူနာရှင်နဲ့ ဆွေးနွေးကာ ပြုလုပ်ပေးပါလိမ့်မယ်။

သားဥပြွန် ကွဲထွက်သွားကာ သွေးတွေ စိမ့်ထွက်နေပြီး ၀မ်းဗိုက်ထဲ သွေးတွေ ရှိနေတယ်လို့ အာထရာဆောင်းမှာ သော်လည်းကောင်း၊ အခြား စမ်းသပ်စစ်ဆေးမှု တစ်ခုခုမှာသော်လည်းကောင်း တွေ့ရရင် အရေးပေါ် ခွဲစိတ်မှု လုပ်မှသာ လူနာရဲ့ အသက်ကို ကယ်တင်နိုင်မှာပါ။ အရမ်းဆိုးဆိုးရွားရွား ပေါက်ထွက်သွားတဲ့ ကိစ္စမှာဆိုရင် ကုသမှု ခံယူတာ နောက်ကျသွားရင် သားဥပြွန်ရော သားဥအိမ်ပါ ထုတ်ပစ်ရတတ်တယ် ဆိုတဲ့ အချက်ကိုလည်း သတိထားသင့်ပါတယ်။

http://www.drmalpani.com/images/19_rupturedectopicpregnancy.jpg

အကယ်၍ သားဥပြွန် မကွဲထွက်သွားဘူး၊ သန္ဓေသားရဲ့ အရွယ်အစားကလည်း အရမ်းမကြီးသေးဘူးလို့ စမ်းသပ်စစ်ဆေးမှုတွေမှာ တွေ့ရှိရင် ၀မ်းဗိုက်တွင်းကြည့် မှန်ပြောင်းသုံး အသေးစားခွဲစိတ်မှု (Laparoscopic Surgery) ပြုလုပ်လို့ ရပါတယ်။ ၀မ်းဗိုက်တွင်းကြည့် မှန်ပြောင်း (Laparoscope) ဆိုတာ သေးငယ်ပျော့ပျောင်းတဲ့ ကိရိယာ တစ်မျိုး ဖြစ်ပြီး ၀မ်းဗိုက်မှာ သေးငယ်တဲ့ အပေါက်လေး ဖောက်လိုက်ပြီး အဲအပေါက်ကနေ အထဲကို ကိရိယာ ထည့်လိုက်ကာ အပြင်က ဖန်သားပြင်ပေါ်ကနေ တစ်ဆင့် ကြည့်ရှုနိုင်တဲ့ ကိရိယာမျိုး ဖြစ်ပါတယ်။ ၄င်းကိရိယာ အကူအညီနဲ့ ခွဲစိတ်မှုကို အပြင်ကနေ လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာတိုင်း ကျယ်ပြန့်စွာ အသုံးပြုနိုင်ဖို့ မလွယ်သေးပါဘူး။

ကုသမှု ပြီးသွားရင်တော့ ကိုယ်ဝန်ကျန်သေးလား၊ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်တော့ရဲ့လား ဆိုတာတွေကို ပြန်စစ်ရပါတယ်။

နေရာမှားပြီး သန္ဓေတည်တာ ဖြစ်ဖူးရင် ကိုယ်ဝန်ဆောင်နိုင်ပါဦးမလား
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး စသဖြင့် အဖက်ဖက်က ထိခိုက်တဲ့ ဒီအဖြစ်ဆိုးကြီး ခံစားရဖူးသူ အမျိုးသမီးတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါပဲ။ အဖြေကတော့ ရပါတယ်။ နေရာလွဲ သန္ဓေတည်ဖူးသူ အမျိုးသမီးတစ်ဦးဟာ ပုံမှန် ကိုယ်ဝန် ပြန်ရနိုင်ပြီး ကျန်းမာရွှင်လန်းစွာ သားသမီး ရနိုင်ပါသေးတယ်။ အခန့်မသင့်လို့ သားဥပြွန် တစ်ဖက် ဖြစ်စေ၊ သားဥအိမ် တစ်ဖက်ဖြစ်စေ ထုတ်လိုက်ရရင်တောင်မှ ကျန်တဲ့ဖက်က သားဥပြွန်နဲ့ သားဥအိမ် အစုံက ကောင်းနေရင် အေးဆေးပါပဲ။ ၃ လကနေ ၆ လလောက် နားပြီး မိခင်မှာ သွေးအားနည်းခြင်း၊ အာဟာရချို့တဲ့ခြင်းတွေ မရှိတော့ဘူးဆိုရင် ကလေးယူလို့ ရပြီလို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ အသေးစိတ်ကိုတော့ သားဖွားမီးယပ် အထူးကုတစ်ယောက်နဲ့ ပြသတိုင်ပင်ပါ။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်က နာလန်ထစ အမျိုးသမီးရဲ့ ရုပ်ပိုင်း ကျန်းမာရေးအပြင် စိတ်ပိုင်းကျန်းမာရေးကိုပါ ပြန်ကောင်းလာအောင် လုပ်ပေးဖို့ မဖြစ်မနေ လိုတယ် ဆိုတာပါပဲ။ ခင်ပွန်းနဲ့ ဇနီးသည်အကြား ဘယ်သူ့ ဘယ်သူကမှ အပြစ်မတင်ကြပါနဲ့။ မမြင်လိုက်ရတဲ့ ရင်သွေးကို ဆုံးရှုံးလိုက်ရပြီး လူမှုရေး ကျန်းမာရေး စီးပွားရေး စသဖြင့် ပြဿနာမျိုးစုံ ကြုံထားရသူ လူနာကိုယ်တိုင်ကလည်း သူမကိုယ်သူမ အပြစ်ရှိတယ်၊ ချို့ယွင်းချက် ရှိနေတယ်လို့ အပြစ်တင် စိတ်ဓာတ်ကျတာမျိုး မဖြစ်အောင် မိသားစုက ဖေးမ ဖျောင်းဖျပေးဖို့ အရမ်း အရေးကြီးပါတယ်။ ဆရာဝန်ကလည်း နှစ်သိမ့်ဆွေးနွေး ပညာပေးပြီး လုပ်လို့ ရတာတွေ လုပ်ပေးမှာပါ။

ပြည်ပနိုင်ငံအချို့မှာ ကိုယ်ဝန်ဆုံးရှုံးမှု အားပေးနှစ်သိမ့်ရေးအဖွဲ့ (Pregnancy Loss Support Groups) တွေ အများကြီး ရှိလို့ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ဒီလို ကိစ္စတစ်ခုစီအတွက် သီးသန့် လူမှုဝန်ထမ်း အဖွဲ့တွေ မကြာခင် ပေါ်လာဖို့ မျှော်လင့်ပါတယ်။ ဒီမှာ လက်ရှိ ဒီအလုပ်ကို ဆေးရုံအလုပ်တစ်ဖက်နဲ့ ဆရာဝန်တွေကပဲ တာဝန်ယူလုပ်နေရတာ ဖြစ်လို့ လစ်ဟင်းမှုတွေ ရှိကောင်း ရှိနိုင်ပါမယ်

နေရာလွဲမှား သန္ဓေတည်ခြင်းကို ကာကွယ်လို့ ရနိုင်မလား
အရှိအတိုင်း ဖြေရရင် တိတိကျကျ ၁၀၀% ထိရောက်စွာ ကာကွယ်လို့ မရပါဘူးလို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ ဒီရောဂါကို ဖြစ်စေတဲ့ အချက်တွေကိုတော့ မခဲမယဉ်း ကာကွယ်နိုင်ပါတယ်။ အထက်မှာ ပြောခဲ့သလို လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ (Sexually Transmitted Diseases, STDs) တွေ မရှိအောင် ကိုယ်ဝန်မဆောင်ခင်ကတည်းက ကုသထားရပါမယ်။

ခါးအောက်ပိုင်း တင်ပဆုံတွင်း ရောင်ယမ်းခြင်း ရောဂါတစ်ခုခု ဖြစ်ခဲ့ဖူးသူတွေ၊ ၀မ်းဗိုက်အောက်ပိုင်း တင်ပဆုံပိုင်း ခွဲစိတ်မှု (Pelvic Surgery) လုပ်ဖူးသူတွေ၊ သားကြောဖြတ်ထားပါလျက် (သို့) IUD သားအိမ်တွင်းထည့် သန္ဓေတား ပစ္စည်း သုံးထားပါလျက် ကိုယ်ဝန်ရလာရင်၊ ယခင် နေရာမှား သန္ဓေတည်ခြင်း ဖြစ်ဖူးသူတွေ၊ ကျောက်ကပ် ဆီးအိမ် စတဲ့ ခါးအောက်ပိုင်း ခွဲစိတ်မှုတွေ လုပ်ဖူးသူတွေဟာ ကိုယ်ဝန် ရှိပြီလို့ သိလျှင် သိချင်း ဆရာဝန်နဲ့ ပြပြီး ကြိုတင် စစ်ဆေးထားရင် ကာကွယ်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မရအောင် မိမိရဲ့ လူနေမှု အကျင့်စရိုက် ဂုဏ်သိက္ခာကို ထိန်းသိမ်းရင် နေရာမှား သန္ဓေတည်ခြင်းကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

နီးစပ်ရာ ဆေးရုံဆေးခန်းမှာ Antenatal Care ခေါ် AN Care ခေါ် မိခင်လောင်း ပြုစုစောင့်ရှောက်ခြင်း (အရပ်အခေါ် ဗိုက်အပ်ခြင်း) မှန်မှန် သွားပြမယ် ဆိုရင် အထက်ပါ ပြဿနာတွေကို စစ်ဆေးပြီး နေရာလွဲမှား သန္ဓေတည်ခြင်းကို သံသယ ရှိလောက်တဲ့ လက္ခဏာတွေ တွေ့တာနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ထပ်လုပ်နိုင်ပါတယ်။ ဒါဆို လိုအပ်ရင် ဆေးရုံတက် ကုသမှု အမြန်ဆုံး ခံယူဖို့ အချိန် မနှောင်းတော့ဘူးပေါ့။

မွေးရာပါ သားဥပြွန် ချို့ယွင်းချက် ပါတယ်၊ နေရာမှားပြီး သန္ဓေတည်နေတယ် ဆိုရင်လည်း AN Care မှာ ပါတဲ့ အာထရာဆောင်း ရိုက်ခြင်းကြောင့် စောစော တွေ့ရင် ဘာထိခိုက်မှု ဘာအန္တရာယ်မှ မရှိဘဲ ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ရော ကလေးအတွက်ပါ အခြားသောကောင်းကျိုးတွေ အမျိုးမျိုး ရှိပြီး မဖြစ်မနေ လိုအပ်တဲ့ ၊ နေရာလွဲမှား သန္ဓေတည်ခြင်းကို အဓိက ကာကွယ်နိုင်တဲ့ AN Care ခေါ် ဗိုက်အပ်ခြင်းကို ကိုယ်ဝန်ရှိမှန်း သိပြီးကတည်းက စတင်လုပ်ဆောင်ကြပါလို့ တိုက်တွန်းပါရစေ။

Written by : ဒေါက်တာသီဟသစ်

No comments:

Post a Comment