Tuesday, 3 September 2013

နို့ဘယ်တော့ဖြတ်မှာလဲ



နို့ဘယ်တော့ဖြတ်မှာလဲ

မိခင်နို့ဆိုတာ အသက်နှစ်နှစ်အထိ အနည်းဆုံးတိုက်ရကြောင်း ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ် ပညာပေးနေကြပါသော်လည်း အသက် နှစ်နှစ်မတိုင်ခင် နို့ဖြတ်ခံရသော  ကလေးတွေ အများကြီးကို နေ့ရှိသရွေ့ ဝမ်းနည်းဖွယ် တွေ့မြင်နေရဆဲ ဖြစ်ပါသည်။ တစ်ကြံတစ်ကျပ်တွေလက်ချက်ပါ။ ကလေးက နို့ဖြတ်မှ အစာကောင်းကောင်းစားမှာဆိုပြီး ဝိုင်းဖြတ်ခိုင်းကြတာပါ။ ကျွန်တော်ပေးနေကျ ဥပမာကတော့ ဂျိုကာပစ်ချခိုင်းတာပါ။


ကျွန်တော်ငယ်ငယ်က စာရေးသူကြီး အီကြာကွေးရေးသည့် ဇာတ်ရူးထချိန် အမည်ရှိ Satire အမျိုးအစား မဂ္ဂဇင်း ဟာသဝတ္ထုရှည် တစ်ပုဒ်ကို မြဝတီမဂ္ဂဇင်းမှာဖတ်ပြီး နှစ်သက်ဖူးပါသည်။ အဲသည့် ဝတ္ထုထဲမှာ ဇာတ်ပွဲနောက်ဘက်တွင် ပိုကာဝိုင်းထောင်နေကြသော ဇာတ်သမားများကို ဖဲအကြောင်း လုံးဝနားမလည်သော ရွာသားက လာအရောဝင်ထိုင်နေရင်းက ဘေးကပိုးကြည့်၍ “ဟိုဖဲလေး ပစ်ချလိုက်ပါလား” ဟု အကြံပေးရာ အဲသည့် ဖဲကဂျိုကာ ဖြစ်နေတာပါ။  အဖိုးအတန်ဆုံးဖဲပေါ့။ မိခင်နို့ကို ကျွန်တော်တို့က First Class Protein (ပထမတန်းစား အသားဓာတ်) ဟုခေါ်ပါသည်။

မရှိမဖြစ်အသားဓာတ် (essential amino acid) ၁၁ မျိုးစလုံးပါဝင်ပါသည်။ နို့နှင့်ကြက်ဥကလွဲ၍ ဘယ်အစားအစာမှာမှ အဲသလိုမပါပါ။ အဲသလိုမပါသော အစာတွေ ကောင်းကောင်း စားစေချင်ဇောနှင့် မိခင်နို့ကိုဖြတ်ခိုင်းတာ ဂျိုကာ ပစ်ချခိုင်းသလိုပါပဲ။ နှစ်နှစ်ပြည့်တိုင်းလည်း ဖြတ်ရမှာ မဟုတ်ပါ။ အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက်အတွက် လိုအပ်သော စွမ်းအင်ကယ်လိုရီ၏ ၇၀ ရာခိုင်နှုန်းကို နို့ကရ၍ အသက်နှစ်နှစ်မှာ ၃၀ ရာခိုင်နှုန်းရပါသည်။ ဆိုလိုတာက အသက်တစ်နှစ်မှာ နို့ဖြတ်လိုက်လျှင် ကလေးအာဟာရရရှိမှု ၇၀ ရာခိုင်နှုန်း ဆုံးရှုံးပါပြီ။ ကလေးက မလွဲမသွေ ပိန်သွားတော့မှာပါ။ အသက်နှစ်နှစ်မှာတော့ ၃၀ ရာခိုင်နှုန်းသာ ဆုံးရှုံးသည်ဖြစ်၍ နည်းနည်းတော့ ခံသာသည် ဟုဆိုရမည်။

တမင်ဖြတ်ပစ်ရမှာတော့ မဟုတ်။ မိခင်က ထွက်နေသေးလျှင် မိခင်နို့ မခန်းမချင်း ဆက်တိုက်နိုင်သည်။ မိခင်နောက်ထပ် ကိုယ်ဝန်ရခဲ့လျှင်တော့ ခန်းသွားတော့မှာ တော်တော်သေချာသော်လည်း ထွက်နေသေးသမျှတော့ ဆက်တိုက်နိုင်သည်။ ဘာအဆိပ်အတောက်မှ မဖြစ်ပါ။ အသက်နှစ်နှစ် မတိုင်ခင်မှာ မိခင်နို့ကို အကြောင်းတစ်ခုခုကြောင့် မရနိုင်တော့လျှင် ဥပမာ မိခင်သေဆုံးလျှင် မိခင်နှင့် ကလေးခွဲနေရလျှင်တော့ ကလေးကို နို့မှုန့်ကူရမည်။ အဖတ်ချည်းပဲနှင့် မလုံလောက်။ အသက်တစ်နှစ်ကျော်ပြီး ကလေးကိုတော့ ဖန်ခွက်နှင့် ပဲတိုက်ရမည်။ နို့ဘူး ဆက်မစို့စေရ။ နို့ဘူးစို့နေလျှင် ကလေးအာခေါင်ခွက်၍ သွားခေါတတ်သည်။

မိခင်နို့မရတော့ဘူးဟု ပြောသည့်အကြောင်းများထဲတွင် အများဆုံး ပြောကြတာက အမေကနို့မထွက်ဘူး၊ ကလေးက မဝဘူးဟူ၍ ဖြစ်သည်။ ဒါလည်း  သိပ်တော့ ယုတ္တိမရှိ။ ပြည်တွင်းစစ်ဖြစ်နေသော အာဖရိကမှာ အာဟာရပြတ်၍ လဲနေသောမိခင်၏နို့ကို ဆန်းစစ်ကြည့်ရာဝယ် အဆီဓာတ်  အနည်းငယ်လျော့နည်းသည်မှ အာဟာရ ပြည့်စုံလုံလောက်ကြောင်း တွေ့ခဲ့ရဖူးသည်။ မိခင်နို့မထွက်ဟု ပြောနေကြတာက များသောအားဖြင့် အထင်နှင့် ရမ်းပြောနေကြတာ ဖြစ်ပါသည်။ မိခင်နို့လောက်သည့် လက္ခဏာများမှာ ..

၁။ နို့စို့ပြီး ကလေးအိပ်ပျော်သွားခြင်း

၂။ နို့စို့စဉ် မျိုချသံကြားရခြင်း

၃။ ရှူးရှူးခြောက်ကြိမ်နှင့် အထက်နေ့စဉ်ပေါက်ခြင်း

၎။ မွေးပြီး ၁၀ ရက်နောက်ပိုင်း အလေးချိန် ပုံမှန်တိုးတက်ခြင်းတို့ ဖြစ်ပါသည်။

ဒါတွေကလည်း မိခင်နို့ချည်းပဲ သက်သက်တိုက်ပြီး စောင့်ကြည့်မှ သိနိုင်တာပါ။ စကတည်းက “လိုမှာပါပဲ”  ဟု တစ်ဖက်သတ် ဆုံးဖြတ်ကာ နို့မှုန့်ကြိုတိုက်ထားလျှင် လိုမလိုမသိနိုင်ပါ။ ပြီးတော့ နို့ဘူးက အမေနို့ထက်စို့ရတာလွယ်တော့ နို့ဘူးစို့ခွင့်ရသော ကလေးမှာ အမေနို့တိုက်လျှင်  စို့ဖို့ အပျင်းထူတတ်ပါသည်။ အဲဒါကို ကျွန်တော်တို့က Nipple Confusion  ဟုခေါ်ပါသည်။ အဲသလို ကောင်းကောင်း မစို့တော့နို့တင်း၊ နို့တင်းတော့ ဟော်မုန်းတွေ ထွက်မလာ။ အဲဒီတော့မှ တကယ်နို့ထွက် နည်းသွားပါသည်။ ကျွန်တော့်ကို “ကလေးကို နို့ဖြတ်လို့ရပြီလား” ဟု မေးသော အမေတွေအတွက်တော့ ကလေးစာအုပ်မှာ ထုပေးဖို့ တံဆိပ်တုံးကလေး ကျွန်တော်လုပ်ထားပါသည်။ “ဘာအကြောင်းကြောင့်မှ နို့မဖြတ်ရ၊ ဘယ်တော့မှ နို့မဖြတ်ရ”တဲ့။

ဒေါက်တာရဲ(ကလေးအထူးကုဆရာဝန်)


 Just a test item! Increases your pet's total skill points by 1 Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။) Change someone else's title(အများအမြင်မတင့်တယ်သည့် စာသားများပေးခွင့်မရှိပါ။) Change your User Title Change your Username!(အများအမြင်မတင့်တယ်သည့် အမည်များပေးခွင့်မရှိပါ။)  Send to Other. Send to Other.

No comments:

Post a Comment