မိုဘိုင်းဖုန်းတွေဟာ
လူထုဆက်သွယ်ရေးမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအရေးပါလာပါတယ်။ လူတိုင်းက မိမိတို့ရဲ့
အရေးကိစ္စများအတွက် မိုဘိုင်းဖုန်းများကို မရှိမဖြစ် အသုံးပြုနေရပါတယ်။ မကြာသေးမီက
ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေရဲ့ ၇၅ရာခိုင်နှုန်းမှာ ဖုန်းကိုင်နိုင်သူတွေ
ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို နိစ္စဓူဝ
သုံးစွဲလာကြတဲ့အခါ မိုဘိုင်းဖုန်းတွေရဲ့ အကျိုးကျေးဇူးကို ခံစားရသလို တစ်ဖက်မှာ
မိုဘိုင်းဖုန်းနဲ့ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးဆက်စပ်မှုကို လေ့လာကြည့်လိုက်ရင်တော့
စိတ်ချမ်းမြေ့စရာ မရှိပါဘူး။ ဖုန်းတွေက လွှင့်ထုတ်တဲ့ radio frequency
လှိုင်းတွေဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါတယ်။
ဦးနှောက်ကင်ဆာနှင့် ဆဲလ်ဖုန်း
ဆဲလ်ဖုန်းအသုံးပြုခြင်းဟာ
ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေမြင့်မားပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
ဖုန်းအသုံးများပါက ကလေးငယ်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးချက်
ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဖုန်းတွေက လွှင့်ထုတ်တဲ့ magnetic
လှိုင်းတွေရဲ့ အန္တရာယ်ဟာ လူကြီးတွေထက် အသက် ၁၃နှစ်အောက် ကလေးတွေမှာ
ပိုမိုထိခိုက်စေနိုင်ပါတယ်။ လှုံ့ဆော်မှုစနစ်ကောင်းစွာ မဖွံဖြိုးသေးတဲ့ ကလေးတွေမှာ
ဦးနှောက်ကင်ဆာ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါ့အပြင် ကလေးငယ်တွေ ဖုန်းအသုံးများပါက
ကျန်းမာရေးအပြင် ပညာရေးနဲ့ လူမူရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
နောက်ပြီး ဖုန်းကိုင်ပြောနေကျဘက်မှာ
ဦးနှောက်အကျိတ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း ကိုလည်း သုတေသီတွေက တင်ပြခဲ့ကြတယ်။
ဒီ့အပြင် ဖုန်းကို ညာဘက်နားနဲ့ ပြောတာထက် ဘယ်ဘက်နားနဲ့ ပြောတာက
ဦးနှောက်မှာအကျိတ်ဖြစ်နိုင်ချေ နည်းတယ်လို့လည်း သုတေသီအချို့က ထောက်ပြတယ်။
ဒါပေမယ့် ဖုန်းများနဲ့ ကင်ဆာရောဂါ ဆက်စပ်မှုမရှိဘူးလို့လည်း အချို့သုတေသီ
တွေဆိုပြီး လေ့လာမှုတွေ ဆက်လက်ပြုလုပ်လျက်ရှိပါတယ်။
အပူငွေ့နဲ့ ကြက်ဥကျက်၊
ပြောင်းဖူးပေါက်ပေါက်ဖောက်
ဖုန်းနှစ်လုံးမှ ထွက်လာတဲ့
အပူလှိုင်းတွေက ကြက်ဥတစ်လုံးကိုတောင်မှ ကျက်စေနိုင်ကြောင်း သိပံ္ပပညာရှင်တွေက
ဗီဒီယိုနဲ့ လက်တွေ့ပြပြီး ဖုန်းradiationရဲ့ အန္တရာယ်ကို သတိပေးခဲ့ပါတယ်။ ဒါ့အပြင်
မိုဘိုင်းဖုန်း ၃၊ ၄ လုံးကို တစ်ပြိုင်နက် ခေါ်ဆိုလိုက်တဲ့အခါ အလယ်မှာချထားတဲ့
ပြောင်းဖူးစေ့ တွေဟာ လွင့်စင်ထပေါက်ပြီး ပြောင်းဖူးပေါက်ပေါက်ဆုပ်တွေဖြစ်လာတာကို
သုတေသီတွေက လက်တွေ့ ပြသခဲ့ဖူးပါတယ်။
ဖုန်းဆက်ချိန်မှာ ဖုန်းမှထွက်တဲ့
microwave တွေဟာ ကျွန်ုပ်တို့ရဲ့ နားကတစ်ဆင့် ဦးခေါင်းထဲ ၀င်ရောက်ကာ ဦးနှောက်ကို
အပူငွေ့နဲ့တဖြည်းဖြည်း ချက်နေသလို ဖြစ်နေပါတယ်။ ဖုန်းအသုံးများရင်
ခေါင်းကိုက်တာကစပြီး ဦးနှောက်အကျိတ်နဲ့ ဦးခေါင်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။
နှလုံးရောဂါနဲ့ မျိုးပွားမှုအန္တရာယ်
ဖုန်းကို vibration ပြုလုပ်ပြီး
အသုံးများပါက နှလုံးရောဂါနဲ့ DNAပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း
ကမ္ဘာကျန်းမာရေးအဖွဲ့ WHOက သတိပေးပြောကြားခဲ့တာရှိပါတယ်။ ဖုန်းကို vibration
လုပ်ပြီး အင်္ကျီအိတ်ကပ်ထဲမှာ ထည့်သုံးပါက နှလုံးရောဂါဖြစ်စေနိုင်ပြီး ဘောင်းဘီ
အိတ်ကပ်တွင် ထည့်သုံးပါက DNAပျက်စီးကာ မျိုးပွားမှုကို ထိခိုက်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းနဲ့ စိတ်ရောဂါ
ဒီ့အပြင် သင်သုံးစွဲနေကျ
ဖုန်းတွေကြောင့် Nomophobia (no-mobile-phone-phobia) လို့ခေါ်တဲ့
စိတ်ရောဂါတစ်မျိုးကိုရရှိစေနိုင်ပါတယ်။ အသံတစ်ခုခုကြားတာနဲ့ မက်ဆေ့ဝင်တယ်၊
ဖုန်းလာတယ်လို့ ထင်နေရင် အဲဒါဟာ nomophobia စိတ်ရောဂါရဲ့ အခြေအနေတစ်မျိုးဖြစ်ပါတယ်။
ဖုန်းအားကုန်သွားလို့ အားမသွင်းရသေးတာမျိုး၊ ဖုန်း billကုန်သွားလို့ မဖြည့်ရသေးတဲ့
အခြေအနေ မျိုးမှာ စိတ်ဓါတ်ကျဆင်းမှုနဲ့ တစ်ခြားမအီမသာ ခံစားချက်တစ်စုံတစ်ရာကို
ဖြစ်စေပါတယ်။
တစ်နေရာရာသွားတဲ့အခါ
ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာတို့ဖြစ်ရင် ပိုဆိုးတဲ့ စိတ်ခံစားချက်ကို
ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့လူမှုဘ၀လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့
အစိတ်အပိုင်းက ကြီးမားလာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို
လွှမ်းမိုးလာတာမျိုးဖြစ်တတ်ပါတယ်။ ဖုန်းမရှိလျှင် ဖုန်းလေးမှမဆက်ရလျှင်
အထီးကျန်တယ်လို့ ထင်မြင်လာပြီး ဖုန်းကိုအခြေပြု နေထိုင်လိုစိတ်များ
ပေါ်ပေါက်လာပါတယ်။
အသုံးလျှော့ပေး အန္တရာယ်ဝေး
ကျွန်ုပ်တို့ရဲ့အရေးကိစ္စများဆောင်ရွက်တဲ့အခါမှာ
ဖုန်းကိုမရှိမဖြစ် အသုံးပြုရမှာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းပြောခြင်းကိုတော့
အတတ်နိုင်ဆုံး လျှော့ချသင့်ပါတယ်။ ဖုန်း screen ကိုကြည့်နေပြီး connection ရတာသေချာပြီဆိုမှ
ဖုန်းကိုနားနားမှာ ကပ်သင့်ပါတယ်။ သင်ဖုန်းပြောတဲ့အခါ Handset ကို နားနားမှာ
ကပ်ပြီးတိုက်ရိုက်ပြောမယ့်အစား အဆင်ပြေပါက နားကြပ်နဲ့ပြောပါ၊ သို့မဟုတ် speaker
ဖွင့်ပြောပါ။ ပြောစရာစကား များများစားစားမရှိဘူးဆိုရင်တော့ ဖုန်းပြောမယ့်အစား
message သာပို့သင့်ပါတယ်။
ကျွမ်းကျင်သူများက ဖုန်းကို
သင့်ခေါင်းအုံးအောက်မှာ ထားမအိပ်ဖို့ သတိပေးထားပါတယ်။ ဖုန်းကထွက်တဲ့ radio
frequency လှိုင်းများက သင့်ကျန်းမာရေးကို အန္တရာယ်ရှိစေနိုင်တဲ့အတွက်
သင်အိပ်ပျော်နေတဲ့အခါ ဖုန်းကို သင်နှင့် ဝေးဝေးမှာ ထားသင့်ပါတယ်။
ဖုန်းကိုနှိုးစက်အနေနှင့် သုံးမယ်ဆိုရင် လှိုင်းလွှင့်ထုတ်မှုရော ဖမ်းယူမှုရောမရှိတဲ့
Airplane mode မှာထားသုံးပါ။ radiation လွှင့်ထုတ်မှုနည်းတဲ့ ဖုန်းကိုသာအသုံးပြုပါ။
မျက်စိအန္တရာယ် ရှောင်ကြဉ်ဖွယ်
ဖုန်းဖန်သားပြင်ကို
အားစိုက်ကြည့်တဲ့အခါမှာ မျက်စိညောင်းပြီး အမြင်အာရုံေ၀၀ါး သွားစေနိုင်ပါတယ်။ ဖုန်း
screen မှာ စူးရှတောက်ပတဲ့အလင်းရောင် အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
အာရုံစူးစိုက် ကြည့်ရတဲ့အတွက် မျက်စိသွေးကြောများကို ဒဏ်မဖြစ်စေဖို့
အစိမ်းရောင်ရှိတဲ့အရာ တွေကို ကြည့်ပေးပါ။ ဖုန်းကို ကြာကြာသုံးတော့မယ်ဆိုရင်
၂၀-၂၀-၂၀ နည်းကိုကျင့်သုံးပါ။ သင်ဖုန်းကို မိနစ်(၂၀)ခန့်မျှ ကြည့်ပြီးတိုင်း
ပေ(၂၀)အကွာခန့်ကို စက္ကန့်(၂၀)ခန့်မျှ ငေးစိုက်ကြည့်ပါ။
ယနေ့ခေတ်မှာ ဖုန်းတွေရဲ့ အရေးပါမှုဟာ
တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာပြီး လူတွေအပေါ် နက်နက်ရှိုင်းရှိုင်း
လွှမ်းမိုးလျက်ရှိပါတယ်။ ဒါကြောင့် တပြိုင်တည်းမှာ ဖုန်းတွေကြောင့် ဖြစ်ပေါ်လာမယ့်
ကျန်းမာရေးအန္တရာယ်တွေကိုလည်း သတိပြုဆင်ခြင်သင့်ပါတယ်။ တစ်ဖက်မှာ
ကောင်းကျိုးရှိသလို အခြားတစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေလို့ပါ။
“တံပိုးထက် လက်ခကြီး”ဆိုသလို ဖုန်းအတွက် ကုန်ကျမယ့် စရိတ်စခထက်
နောက်ဆက်တွဲကျန်းမာရေးထိခိုက်လို့ ပေးဆပ်လိုက်ရမယ့် အရင်းအနှီးကလည်း
ခပ်များများဆိုတော့ ကြိုတင်ကာကွယ်နိုင်မှ တော်ကာကျပါလိမ့်မယ်။ ဒါကြောင့်
ဖုန်းတစ်လုံးရဲ့ အကျိုး-အပြစ်ကို သိရှိပြီး ဆိုးကျိုးသက်ရောက်မှု မများစေမယ့်
နည်းလမ်းတွေကို ရွေးချယ်အသုံးပြုဖို့ တိုက်တွန်းလိုက်ပါရစေ။ ။
ရတနာ
(Ref: Internet Health News





No comments:
Post a Comment