Thursday 23 January 2014

တကယ်နော်ခက်သည့် အရွယ်တွေအကြောင်း


တကယ်နော်ခက်သည့် အရွယ်တွေအကြောင်း




၁၁ နှစ်ဆိုတာ မူလတန်းကနေ အလယ်တန်းကို ကူးပြောင်းသည့် အရွယ်ပါ။ နဂိုကတည်းက မူလတန်းရော၊ အလယ်တန်းရောရှိသည့် ကျောင်းမှာ တက်နေသည့် ကလေးများအတွက် မထောင်းတာလှ သော်လည်း ကျောင်းငယ်မှ ကျောင်းကြီးသို့ ပြောင်းရသည့် ကလေးများ အတွက်တော့ သူတို့ပတ်ဝန်းကျင်က “မျက်နှာ”သီချင်းထဲကလိုပင် “ပြောင်းလဲမှုက မြန်ဆန်လွန်း”နေတတ်ပါသည်။ နဂိုက သူ့ပတ်ဝန်းကျင် လေးနှင့်သူ အသားကျပြီးသား ကလေးက “အသားမကျ”ပြန်ဖြစ်သွား တတ်ပါသည်။ မိဘတွေက အနည်းဆုံး ပထမရက်သတ္တပတ် အနည်းငယ်ခန့်တော့ ဒါတွေကို သတိထား၍ ဂရုစိုက်ပေးဖို့ လိုပါသည်။

စာသင်ချိန် ဇယားလေးတွေက ပုံစံပြောင်းသွားမည်။ ဆရာ၊ ဆရာမ တွေက မျက်နှာသစ်တွေ ဖြစ်ကုန်မည်။ ကျောင်းပရိဝုဏ်ပုံစံက သူ့အတွက် အသစ်ဖြစ်နေမည်။ အိမ်စာတွေ ပိုလုပ်ရမည်။ တချို့ကျူရှင်တွေ ပိုတက်ရမည်။ (ကလေးငယ်ငယ်လေးတွေ ကျူရှင်အများကြီး တက်ရတာ ဒေါက်တာရဲ ဘယ်တော့မှ အားမပေးကြောင်း ဒေါက်တာရဲ ပရိသတ်အားလုံး သိပါသည်။ သို့သော် အားလုံး ကိုယ့်ကလေးကို တက်ခိုင်းကြတာပါပဲ။ သည်တော့ “မတက်ခိုင်းကြပါနဲ့...” ဟု ပြောပြော နေတာလေး နည်းနည်းလျှော့ပြီး တက်နေရသည့်ကြားက စိတ်ရော၊ လူပါ ကျန်းမာအောင် ဘယ်လိုထားမလဲ ဆိုတာလေးဘက် နည်းနည်း လှည့်ရေးရပါတော့မည်)

သည်လို “စိန်ခေါ်မှု” အသစ်လေးတွေနှင့် ရင်ဆိုင်ရသည့်အချိန်မှာ ကလေးကို ကိုယ့်အား ကိုယ်ကိုးတတ်သည့် အလေ့အထလေး မပျောက်ဖို့လည်း ဆက်လက်ထိန်းညှိ ပေးရပါဦးမည်။
စာသင်ချိန်ဇယား (Time Table) သူ့ဘာသာသူ ဖတ်တတ်ရမည်။ စာအုပ်တွေ၊ စာရေးကိရိယာတွေ၊ လိုအပ်သည့် ပစ္စည်းလေးတွေ သူ့ဘာသာသူ ကြိုတင် ပြင်ဆင် တတ်ရမည်။ ဒါတွေပါ မိဘက လိုက်လုပ်ပေးနေလျှင် ကိုယ့်ကလေး ဘယ်တော့မှ လူကြီး ဖြစ်လာမည် မဟုတ်။ (မယုံမရှိပါနှင့်။ သား ၁၆ နှစ် သားက တီဗီဂိမ်းထိုင်ကစားနေစဉ် အမေ ဆရာဝန်မက သား၏ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာကို နောက်မှာ ထိုင်ရေးပေးနေတာ တကယ် ရှိပါသည်။ ပြီးတော့ အဲသည့်သားက ဆေးကျောင်းဝင်သွားပြီး ဆရာဝန်လောင်း ဖြစ်နေပါပြီ)။ စာသင်ခန်းကို ကိုယ့်ဘာသာကိုယ် ရှာဖွေတတ် ရတော့မည်။ မိဘက ကူတော့ ကူရမည်။ (အိမ်ဖော်က ကူရမှာမဟုတ်)။ ကူပုံကူနည်းက ညနေပိုင်းတွေမှာ ကလေးနှင့် အချိန်ပေး၍ စကားပြော ပေးတာပါ။ နောက်တစ်နေ့ စာသင်ချိန်ဇယား အကြောင်း ကလေးကို မေးမည်။ ဘာတွေ လိုမည်လဲ စဉ်းစားခိုင်းမည်။ လိုတာကို စုဆောင်း၍ ထည့်ခိုင်းမည်။ ဖြစ်လာနိုင်သည့် ပြဿနာလေးများအတွက် ကြိုတင် ပြင်ဆင်ခိုင်းမည်။ (ဥပမာ စာသင်ခန်းရှာမတွေ့တာမျိုး)။ အဲသည့် အချိန်မျိုးမှာသာ လုပ်ရမလဲဆိုတာ ကလေးက စဉ်းစားထားပြီးသား ဖြစ်ရမည်။ လိုအပ်လျှင် အကူအညီတောင်းရဲအောင်လည်း ပြောပြ ထားရမည်။

ကြိုးစားချင်စိတ်ရှိလာအောင်
ကလေးကို ကြိုးစားချင်စိတ် ရှိလာအောင် အကောင်းဆုံး ပျိုးထောင် နည်းကတော့ ကလေး၏ ကောင်းသော အမူအကျင့်လေးများ အားလုံးအတွက် ချီးကျူးတာ၊ ဆုချတာ၊ ထပ်၍ လုပ်ပိုင်ခွင့် ပေးတာလေးတွေ မှန်မှန်လုပ်ပေးနေသည့်နည်းပါပဲ။ ကလေး ကျောင်းစာမှာ အမှတ်နည်းသွားလျှင် ဘယ်လိုအပြစ်ပေးမည်ဆိုပြီး ကြိုခြိမ်းခြောက်သည့်နည်းတွေက ကလေး၏ ကြိုးစားချင်စိတ်ကို မည်သို့မှ အထောက်အကူ မပြုကြောင်း ပညာရှင်များ စနစ်တကျ လေ့လာသုတေသနပြုခဲ့ကြရာမှ အကြိမ်ကြိမ် အခိုင်အမာတွေ့ရှိပြီးကြောင်း မမေ့ပါနှင့်။
တချို့ကလေးတွေက သည်လိုလုပ်ဆိုလျှင် ဟိုလိုလုပ်လို့ မရဘူးလားဆိုတာလေးတွေ လုပ်လာ တတ်ကြသေးသည်။ မိဘကို အာခံသည်ဟု သဘော မထားပါနှင့်။ မိဘအတည်ပြုချက် လာတောင်းနေတာပါ။ ပြောနေသည့် ဟန်ပန်လေးက ဆန့်ကျင်ချင်သည့် အမူအရာဖြစ်ချင်ဖြစ်နေမည်။ အတွင်းစိတ်ကတော့ မိဘထောက်ခံတာကို နှစ်လိုတပ်မက်နေ တာပါ။ ကျောင်းဆုပေးပွဲတို့၊ ကျောင်းကပွဲတို့မှာ မိဘလိုက်လာပြီး သူတို့ ထူးချွန်စွာ ဆောင်ရွက်ထား တာလေးတွေကို လိုက်အားပေးလျှင် ရင်ထဲမှာ ကျိတ်၍အတိုင်းမသိ ပျော်ရွှင်တတ်ကြပါသေးသည်။

အိမ်စာမပြီးမှာတို့၊ စာမေးပွဲနီးတာတို့ကို စပြီး စိတ်ပူတတ်သည့် အရွယ်လေးပါ။ အဲသည့် စိတ်ဖိစီးမှုလေးတွေ နည်းစေဖို့အတွက်ကတော့ ကြိုတင်ပြင်ဆင်တတ်မှုက အဓိက ကာကွယ်ပါသည်။ ပုံမှန်စာကျက် ချိန်၊ စာနွှေးချိန်လေးတွေ သတ်မှတ်ထားတာရှိလျှင် ကလေးက သူ့စာ နှင့်ပတ်သက်၍ သူ ယုံကြည်မှု အားကောင်းတတ်ပါသည်။
မိဘဘက်ကလည်း ပံ့ပိုးနိုင်တာလေးတွေ ရှိပါသည်။

စိတ်ဖိစီးမှုနည်းစေဖို့

၁။ ကလေး စာကျက်ဖို့ ဆိတ်ငြိမ်သည့် နေရာလေး တတ်နိုင် သမျှ သပ်သပ် လုပ်ပေးထားပါ။ တခြား ကလေးတွေက စာကျက် နေတာ မဟုတ်လျှင် စာကျက် နေသည့် ကလေးကို အနှောင့် အယှက် မပေးမိစေဖို့ တခြား တစ်နေရာ ရာမှာ တခြား အာရုံ တစ်ခုခုနှင့် စည်းရုံး ထားပါ။ (ဒေါက်တာရဲ ကတော့ အသက် ၃၅ နှစ်အထိ အလွန်ကျဉ်းသော မိဘ အိမ်ထဲမှာ စာကျက်ခဲ့တာမို့ ညီတွေ၊ အစ်ကိုတွေက အဲသည့် အချိန်အထိ တီဗီ တိုးတိုး ကြည့်ပေးခဲ့ ကြရပါသည်)


၂။ အိမ်စာတွေ သိပ်များနေသည့်အချိန်၊ စာမေးပွဲနီးနေသည့် အချိန်တွေမှာတော့ သတ်မှတ်ချိန်လေးလောက်နှင့် ကလေးကို ဘောင်ခတ်ထား၍ မရပါ။ မပြီးမချင်း ကျက်ပါစေ။ (ငယ်ငယ်က ဖေဖေ တစ်ချိန်လုံး လာလာ အတင်းအိပ်ခိုင်းတာ မှတ်မိသေးတော့။ ဆေးတက္ကသိုလ်က လည်း တစ်ချိန်လုံး စာမေးပွဲနီးနေတာကိုး။ ၁၁ နှစ်သားတုန်းကတော့ ဒေါက်တာရဲလည်း စာသိပ်မကျက်ပါ)
၃။ စာ သိပ်တော်တော် မတော်တော်၊ အဆင့် ကောင်းကောင်း မကောင်းကောင်း မိဘက သူ့ကို ချစ်မှာပါပဲဆိုတာကတော့ သူ သတိရနေဖို့ လိုပါသည်။ ကြိုးစားတာလေးကိုပဲ ချီးကျူးပါ။ အဆင့် ဘယ်လောက်ရလျှင် ဘာဝယ်ပေးမည်ဆိုတာမျိုးတွေ ကြိုဖြားယောင်း သွေးဆောင်ထားဖို့ မလိုပါ။
၎။ အကြောလျှော့သည့် နည်းလေးတွေလည်း စပြထားဖို့ လိုပါပြီ။ လက်မြှောက်၊ ကိုယ်ကို ဆန့်ထုတ်ပြီးခါမှ ပခုံးတစ်ခုလုံး လျှော့ချ ၍ အကြောလျှော့တာမျိုး၊ လက်သီးတင်းတင်း ဆုပ်ပြီးခါမှ လက်ခါထုတ်တာမျိုး၊ အသက်ကို ဖြည်းဖြည်းနှင့် ရှည်ရှည် ရှူတာမျိုး တတ်သွား လျှင် ကလေးက စာမေးပွဲဖြေနေရင်းတောင် လုပ်၍ရပါသည်။
မောင်နှမတွေရှိနေရင်
ကလေးတစ်ဦးထက်မက ပိုမွေးထားလျှင်တော့ သူတို့ကြားထဲက ရန်ပွဲလေးတွေက ရှောင်လွှဲ၍ မရပါ။ တစ်ယောက်မခံချင် သည့်ကိစ္စကိုမှ တစ်ယောက်က တည့်တည့် တိုက်တတ်တာ သဘာဝလိုကို ဖြစ်နေပါ ပြီ။ ဒေါက်တာရဲတို့ ငယ်ငယ်က ညီအစ်ကို လေးဦး နေ့စဉ်နှင့်အမျှ ဆင်နွှဲလိုက်သည့် ရန်ပွဲတွေက ယခု အသက် လေးဆယ်ကျော် ငါးဆယ်အတွင်း ၀င်လာသည်အထိ ပါးစပ်နှင့် ငြင်းခုန်ပွဲများအသွင်သာ ပြောင်းသွားသည်။ မရပ်တတ်သေး။

ဒေါက်တာရဲ ကတော်တို့ မိခင် (ကွယ်လွန်သူ ယောက္ခမကြီး) ကတော့ သားသမီးသာ ရှစ်ယောက် မွေးထားသည်။ အချင်းချင်းတွေရော၊ မိဘတွေကိုရော ချစ်တတ်လိုက်ကြတာ။ ဒေါက်တာရဲကပင် ဇနီးကို “ဒေါ်မျိုးချစ်”ဟု နာမည်ပြောင်ပေးရသည်အထိ ယခု နိုင်ငံကွဲနေကြပြီး မိဘနှစ်ပါးစလုံး မရှိတော့တာတောင် အချင်းချင်း ချစ်နေကြတုန်း။ ဂရုစိုက်နေကြတုန်း။
နည်းလမ်းလေးတွေရှိလို့သာ ဖြစ်ရတော့မှာပေါ့။

ကလေးတိုင်းက သူအရေးပါတာ သူ သိပါစေ...
တခြားကလေး တစ်ယောက်ယောက်ကို အိမ်မှာ ပိုအရေးပါ အရာ ရောက်နေသည်ဟု ထင်တာနှင့် ကလေးက မနာလိုစိတ်ဝင်မှာပါ။ တကယ်တော့ ကလေးတိုင်း ညီတူညီမျှ အချစ်ခံရပါမည်။ မိဘက အရေးပေးရပါမည်။ သူတို့ခံစားချက်လေးတွေကို သူတို့ လာပြောခွင့် ရှိကြရပါမည်။ လေးလေးစားစား လက်ခံဆွေးနွေးပေးရပါမည်။
(ကြော်ငြာဖြတ်ဝင်ခွင့်ရှိမည်ဆိုလျှင်တော့ လက်ရှိ Faces မဂ္ဂဇင်း တွင် လင်္ကာရည်ကျော် အခန်းဆက်နေရးနေပြီး မကြာခင် ဇာတ်သိမ်းတော့မည့် “ချစ်စရာအိမ်ကလေး” ၀တ္ထုရှည်ကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ကြစေလိုပါသည်)
ကလေးတိုင်း၏ တိုးတက်မှုအတွက် တန်းတူစိတ်ဝင်စားပြပါ
ကလေးတစ်ယောက်၏ အရွယ်တစ်ခုတစ်ခုမှာ ရရှိအောင်မြင်မှုတွေ တစ်ယောက်နှင့် တစ်ယောက် မတူနိုင်ပါ။ တစ်ယောက်တုန်းက မိဘက သိပ်စိတ်ဝင်စားဖြစ်ခဲ့သော်လည်း နောက်တစ်ယောက်မှာ အဲသည့်လောက် စိတ်ဝင်စားချင်မှ စိတ်ဝင်စားပါမည်။ စိတ်ထဲမှာ အဲသည်လို ဖြစ်နေလျှင် တောင်မှ ထုတ်ဖော်မပြပါနှင့်။
ကျွန်တော် ငယ်ငယ်က စာသိပ်တော်သော အစ်ကိုဖြစ်သူ ဆယ်တန်းစာမေးပွဲမှာ ထင်သလောက် ခရီးမပေါက်ခဲ့သော အခါ စာတော်သည်ဟု မိဘဆွေမျိုးတွေကရော၊ ဆရာတွေကပါ ဘယ်တုန်းကမှ အသိအမှတ်ပြု မခံခဲ့ရသည့်အပြင် ငယ်စဉ်က စာသင်လို့မှ ရပါ့မလားဟု သံသယ၀င်ခံရဖူး သည့် ကျွန်တော် ဆယ်တန်းရောက်လာမှုအပေါ် မိဘတွေက သိသိသာသာ စိတ်ဝင်စားမှု နည်းခဲ့ပါသည်။ ကံအားလျော်စွာ အစ်ကိုကြီးနှင့် မိဘနှစ်ပါးစလုံး နယ်မှာ သွားနေနေ ကြသည့်အခါ အတူလာနေပေးသော အဒေါ်အပျိုကြီးက ကျွန်တော့် စွမ်းဆောင်နိုင်ရည်အပေါ် သူ ဘယ်လောက်ယုံကြည်ကြောင်း သိသာ ထင်ရှားစွာ ပြသအားပေးနိုင်သဖြင့် အဲသည့်နှစ်က ကျွန်တော် လူတိုင်း အံ့သြအောင် လုပ်ပြနိုင်ခဲ့ကြောင်း ယခုအနှစ်သုံးဆယ်ကြာသည်အထိ မှတ်မိနေပါသေး၏။

တာဝန်ကိုယ်စီပေးပါ
အကြီးကို အကြီးမို့လို့ဆိုပြီး ခိုင်းစရာရှိတာ အကုန်ခိုင်းလျှင် အကြီးကလည်း “မတရားဘူး”ထင်တတ်သည်။ အငယ်ကလည်း “ငါ့ဆို ဖေဖေ၊ မေမေတို့က မယုံဘူး”ဟု ခံစားရတတ်ပါသည်။ သူ့အရွယ်နှင့်သူ နိုင်တာ ခိုင်းပါ။
အဖြူအမည်း ရုပ်ရှင်ခေတ်က ကျွန်တော် ဆေးတက္ကသိုလ် ကျောင်းသားဘ၀မှာ သိပ်စွဲလမ်းခဲ့ဖူးသော မစန္ဒာ၏ “ကွက်လပ်ကလေး ဖြည့်ပေးပါ”၀တ္ထုကို ရုပ်ရှင်အဖြစ် မင်းသားကြီး ဦးကျော်ဟိန်းတို့ ညီအစ်ကိုတစ်တွေ ရိုက်ခဲ့ကြပါသည်။ အဲသည့် ရုပ်ရှင်ထဲမှာ အဖေ ဆရာဝန်ကြီး အိမ်ပြန်လာသည်ကို သား ဆယ်နှစ်ကျော်ကျော်အရွယ် ထင်လင်း (နောင်...သရုပ်ဆောင် အကယ်ဒမီ ဒွေး-ကွယ်လွန်)က ပြေးကြို၍ ဆေးအိတ်ကို လှမ်းယူရာ အဖေက လက်ကာပြပြီး “ကွဲစရာတွေ ပါတယ်သားရဲ့”ဟု ပြောကာ သမီးကြီး ဆေးကျောင်းသူ လက်ထဲ အပ်လိုက်သဖြင့် ထင်လင်း ချောင်တစ်ချောင်မှာ မျက်နှာမကောင်းစွာ ထိုင်သည့် အမူအရာလေးကို ယခုထက်ထိ ကျွန်တော့်ရင်ထဲမှာ စွဲနေဆဲပါ။
အကြီးက အငယ်ကို တာဝန်ယူခိုင်းတာလည်း အရွယ်ချင်းကွာမှ ကောင်းပါသည်။ အစ်ကိုကြီးနှင့် ကျွန်တော် ၁၀ နှစ်ကျော်ကျော် အရွယ်က ပထမဦးဆုံးအကြိမ် ကလေးတွေ ချည်းပဲ ရုပ်ရှည်ကြည့်ဖို့ လွှတ်လိုက်စဉ်က အစ်ကိုကြီးမှာ လက်ပတ်နာရီ အသစ်တစ်လုံး ပါလာ ပါသည်။ ဖေဖေက လက်ပတ်နာရီကိုရော ကျွန်တော့်ကိုပါ စောင့်ရှောက်ဖို့ အစ်ကိုကြီးကို တာဝန်ပေးထားပါသည်။ သို့သော် အစ်ကိုကြီးက ကျွန်တော့်ထက် နှစ်နှစ်သာ ကြီးပါသည်။ ရုပ်ရှင်ရုံထဲတွင် အသက် အစိတ်ခန့် လူရွယ်တစ်ဦးက အစ်ကိုကြီးကို ဇွတ်ချဉ်းကပ်၍ မိတ်ဖွဲ့ လာပါသည်။ ထိုလူ့ကို ကျွန်တော် မကြိုက်ပါ။ ရုပ်ရှင်ရုံထဲတွင် လူလိမ်တွေ သိပ်များ၍ သတိထားရန် တစ်ချိန်လုံး ပြောနေကတည်းက ထိုလူ... လူလိမ်မှန်း ကျွန်တော် သိပါသည်။ အစ်ကိုကြီးကို တိုးတိုးပြောသော်လည်း အစ်ကိုကြီးက လက်မခံပါ။ နောက်ဆုံး ထိုလူလိမ်က အစ်ကိုကြီးနာရီကို ကျွန်တော့်ကို ခဏပေးထားစေသည်။ အစ်ကိုကြီးကို တစ်နေရာ လွှတ်သည်။ ကျွန်တော့်ကို ခြိမ်းခြောက်၍ နာရီကို ယူသွားသည်။ ဖြစ်စဉ်အဆုံးတွင် အစ်ကိုကြီးကို ဖေဖေက တော်တော်ဆူပါသည်။ သည်လောက် ညံ့ရမလားလို့။ တကယ်တော့ အစ်ကိုကြီးလည်း အဲသည့်အရွယ်က ကလေးပါပဲ။ ကလေးနှင့်မမျှသော တာဝန်အပေးခံရ၍ ဖြစ်တာပါ။ သည်ခေတ်မှာ ကလေးတွေကို ပေးထားသော တန်ဖိုးကြီးပစ္စည်းတွေကလည်း ပိုများလာ၊ ဒုစရိုက်သမားတွေကလည်း ပိုရက်စက်လာသဖြင့် အဲသည်အဖြစ်အပျက်လေးကို ဆက်စပ်မိတုန်း ကျွန်တော် ဖော်ကောင်လုပ်ရတာပါ။

သိမ်မွေ့ခြင်းက မိသားစုအစဉ်အလာဖြစ်ပါစေ


မိဘအချင်းချင်းကိုက ရန်ဖြစ်ပြနေလျှင် သားသမီးချင်းရန်ဖြစ်တာ မဆန်းပါ။ (ချစ်စရာ့ အိမ်ကလေးကို ညွှန်းပါရစေဦး) အားလုံးက သိမ်မွေ့နေလျှင် ကလေးတွေကလည်း အပို အားကုန်မည့် ရန်ဖြစ်ခြင်းအပေါ် စိတ်ကုန်သွား တတ်ကြပါသည်။
ရံဖန်ရံခါ အငြင်းပွားမှုကတော့ ရှိပါစေ
တစ်ယောက်တစ်ယောက် မကျေနပ်တာက အမြဲရှိနေမှာပါပဲ။ စိတ်ဆိုးလျှင် ရန်မဖြစ် ဘဲ ဖြေရှင်းနိုင်မည့် နည်းလမ်းရှာတတ်ဖို့ သင်ပေးပါ။ ကိုယ့်ကို သူများက ဆက်ဆံမှာ မကြိုက် သောပုံစံနှင့် ကိုယ်ကလည်း သူများကို မဆက်ဆံ မိစေဖို့ သတိပေးပါ။ ညီအစ်ကိုချင်း၊ မောင်နှမချင်း တစ်ယောက်နဲ့တစ်ယောက် မကြိုက်တာတွေကို ညှိနှိုင်းရင်းကပဲ ပတ်ဝန်းကျင်မှာ အများနှင့် ညှိနှိုင်းတတ်သည့် ပညာကို သူတို့လေးတွေ လေ့လာရတာပါ။ အဲသည်လို လေ့လာရင်းကပဲ ပြဿနာရှိလျှင် ညှိနှိုင်းသည့်နည်းဖြင့် ဘယ်လို အဖြေရှာမလဲ ဆိုတာ သူတို့ ကိုယ်တိုင် လုပ်တတ်လာကြပါသည်။
နေရာတကာ ၀င်မပါပါနှင့်။ တစ်ခါတလေလည်း သူတို့ဘာသာ သူတို့ ဖြေရှင်း နိုင်အောင် လမ်းဖွင့်ပေးပါ။
အမြဲတမ်းသေချာနေအောင် လုပ်ထားရမည့် အချက်ကတော့ သူတို့ အားလုံးကို မိဘက တန်းတူရည်တူချစ်သည်ဆိုတာ သူတို့ ယုံကြည် နေကြဖို့ပါပဲ။ တစ်ချိန်ချိန်မှာတော့ တစ်ယောက်ယောက်ကို ပိုဂရုစိုက် ရတာမျိုး ရှိချင်ရှိမည်။ အချိန်တိုင်းအတွက် မျှလိုက်လျှင် တော့ တန်းတူပဲ ဂရုစိုက်ခံရတာပါပဲဆိုတာ သူတို့သိရမည်။ မိဘက သားသမီးတွေ အားလုံးကို အများကြီးချစ်ပြနေမှတော့ ငါ့ကျတော့ သိပ်မချစ်ဘူး ဆိုသည့် သိမ်ငယ်စိတ် တစ်ယောက်ယောက်မှာ အကြာကြီး ပေါ်နိုင်စရာ အကြောင်းမရှိတော့ပါ။
ငါက မွေးစားသမီးလားမသိဘူး၊ ငါက သားအရင်းမှ ဟုတ်ရဲ့လား ဆိုသည့် စိတ်မျိုးက ကလေးတွေမှာ ပေါ်တတ်တာမှန်ပေမဲ့ ပေါ်သင့်သော ကိစ္စမျိုးတော့ မဟုတ်ပါ။ မပေါ်လောက်အောင် ချစ်ပြနိုင်လျှင် အကောင်းဆုံးပါပဲ။

လွတ်လပ်ခွင့်နှင့် ပတ်သက်၍

၁၁ နှစ်သားဆိုတော့ အသက်လေး နည်းနည်းကြီးလာသည်နှင့် အမျှ စိတ်ချ၍ ရတာတွေလည်း ရှိလာပါပြီ။ လွတ်လပ်ခွင့်ကို ပေးသင့် သလောက် ပေးရတော့မှာပါ။ လွတ်လပ်ခွင့်နှင့်တစ်ပါတည်း တွဲပေးရမှာ က အန်္တရာယ်ဖြစ်လာနိုင်သော ကိစ်္စတွေအတွက် ကြိုတင်သတိပေးမှု ပါ။ ဥပမာ တစ်ခါတလေ သူငယ်ချင်း(ယောက်ျားလေးချင်း၊ မိန်းကလေး ချင်း)အိမ်တွေမှာ သွားအတူနေတာ၊ အတူတီဗီကြည့်တာ၊ ကစားတာ ရှိလာနိုင်တာ လက်ခံရပါမည်။ ညအိပ်ညနေတော့ ခွင့်ပြု၍ မရပါ။ လူကြီးတွေက ရံဖန်ရံခါ လှမ်းကြည့် နိုင်သော နေရာမျိုးမှာ ရှိရမှာပါ။ အသွားအပြန်ခရီးတော့ သူ့ချည်းပဲ မသင့်လျော်သေးပါ။ ဒါတွေက ပုံသေကားချ ပြောရခက်သည်။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအရ ကွဲပြားနိုင်သည်။ ဒုစရိုက်ကောင်တွေ ထူပြောသော ယခုလိုကာလမျိုး မှာတော့ မိဘတွေအတွက်က “ကြောက်တတ်လျှင် ဘေးကင်း”ဟု ယေဘုယျအားဖြင့် သဘောထားသင့်သည်။ သို့သော် လွတ်လပ်ခွင့်ကလည်း လိုပြန်သည်။ ဒါမှ ကလေးက တာဝန်ယူတတ်စိတ်ဖြစ်လာမည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုလာမည်။

ဆွေမျိုးစုံညီ

၁၁ နှစ်သားကလေးတွေက မိသားစုဆိုသည့် ဘောင်အပြင်ဘက်က အပေါင်းအသင်းတွေကို ပို၍ တောင့်တလာတတ်ကြသည်။ ဆွေမျိုး ကိစ္စတွေထက် အပြင်ကိစ္စကို အားသန်ကြသည်။ သို့သော် တကယ်တော့ ဆွေမျိုးအသိုင်းအ၀န်းကလည်း အရေးကြီးပါသည်။ ကျွန်တော်တို့ အားလုံး ကျွန်တော်တို့ဆွေမျိုးတွေနှင့် မျိုးရိုးဗီဇအားဖြင့် ဆက်သွယ်ထား ကြတာပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်။ သည်မိသားစုဆွေမျိုးအသိုင်း အ၀န်းကရသည့် အတွေ့အကြုံလေးတွေက ကျွန်တော်တို့ဘ၀ကို ကျွန်တော်တို့ ဘယ်လိုပုံစံ လျှောက်လှမ်းမည်ဆိုတာ အုတ်မြစ်ချတာပါ။
ဘ၀မှာ ဘာတွေကို တန်ဖိုးထားမှာလဲ။ ဘယ်ဘာသာတရားကို ယုံကြည် သက်ဝင် သင့်သလဲက အစပြု၍ အမူအကျင့်၊ လူမှုယဉ်ကျေးမှု၊ ပေါင်းသင်းဆက်ဆံရေး၊ တာဝန်ယူစိတ်၊ အလုပ်အပေါ် တန်ဖိုးထားမှု၊ စီးပွားရေး၊ ဒါတွေအားလုံးနှင့်ပတ်သက်သည့် အတွေးအခေါ် အခြေခံတွေ ဆွေမျိုးတွေဆီက ရနိုင်ပါသည်။
မိသားစုတန်ဖိုးကို နားလည်အောင်လည်း သင်ပေးရပါတော့မည်။ မိသားစုဆိုတာ အကူအညီ၊ အကြံဉဏ်လိုအပ်တိုင်း အားကိုး၍ ရသည့် နေရာပါ။ မိသားစုပွဲလေးတစ်ပွဲကို သူငယ်ချင်းတစ်ယောက် တစ်ခါ တလေ ပါဝင်ဖို့ ပျက်ကွက်သည်ဆိုတာလည်း လက်ခံနိုင် ပါသည်။ ဒါပေမဲ့ အရာရာ အားလုံးထက် မိသားစုကိုတော့ ပိုတန်ဖိုးထားတတ်ရပါမည်။
သုတေသနများမှာ တွေ့ရှိထားတာကတော့ မိသားစု၊ ဆွေမျိုး အသိုင်းအ၀န်း သိုက်သိုက်ဝန်းဝန်းနှင့် ကြီးပြင်းလာရသူတွေက ပညာ ဆည်းပူးရာမှာရော အလုပ်အကိုင် ကောင်းရသည့် နေရာမှာရော သာတတ်ကြသည်။ စိတ်ခံစားချက်ကို ထိန်းညှိရာမှာလည်း ပိုတည်ငြိမ်ကြပြီး ဘ၀မှာ အောင်မြင်တတ်ကြသည်။ လောကဓံကိုလည်း ပို၍ ခံနိုင်ရည် ရှိကြသည်။ (ဥပမာ ပစ္စည်းဥစ္စာဆုံးရှုံးတာမျိုး၊ လူသေတာမျိုး၊ လင်မယားကွဲတာမျိုး)။ ပျော်စရာကောင်းသည့် မိသားစုဘ၀ကိုလည်း ပို၍ ရလွယ်ကြသည်။ အသက်လည်း ပိုရှည်၍ ကျန်းလည်း ကျန်းမာ ကြသည်။
ဆွေမျိုးအသိုင်းအ၀န်း ကောင်းပေမဲ့ ကောင်းတာတစ်ခုမှ သယ်ဆောင် မလာဘဲ ဒုက်္ခမျိုးစုံဝိုင်းပေးနေသော ဆွေမျိုးတွေ မတွေ့ဖူးဘူးလား ဆိုတော့ တွေ့ဖူးတာပေါ့။ သို့သော် ဒါက အနည်းစု ဖြစ်သည်။ အများစု ဆွေမျိုး အသိုင်းအ၀န်း ကတော့ ရှိတာက မရှိတာထက် သာစမြဲပါ။
သည်လောက်ဆိုလျှင် ၁၁ နှစ်သားကလေးအကြောင်း ပြည့်စုံ လုံလောက်ပြီ ထင်သည်။

ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ (ကလေးအထူးဆရာဝန်)


No comments:

Post a Comment